ကားကို မိုးပေါ်ပျံတဲ့အထိ မောင်းနှင်ခဲ့တဲ့ လူငယ်နှစ်ယောက်ရဲ့အဖြစ်ဆိုး

Twitter / rlsmedia

လူနှစ်ယောက်သေဆုံးခဲ့တဲ့ ကားမတော်တဆမှု ဖြစ်ရပ်တစ်ခုမှာ ကားသမားရဲ့ အရှိန်လွန် ဗရမ်းပတာမောင်းနှင်မှုကြောင့်၊ ကားဟာ အဆောက်ဦတစ်ခုရဲ့ဒုတိယအထပ်ထိ ဝင်အောင်းခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကားကတော့ ပန်းရောင်လွင်လွင် Porsch အမျိုးအစား အိမ်စီးကားလေးပါ။ မောင်းတဲ့သူကတော့ အသက်(၂၂)အရွယ် Braden DeMartin လို့ အမည်ရပါတယ်။

သူဟာ ကားကို မထိန်းချုပ်နိုင်တော့တဲ့အတွက် စတီယာရင်ကို ကြောက်လန့်တကြား ဆွဲလှည့်မိခဲ့ပုံရပါတယ်။ ဒီအဖြစ်အပျက်ဟာ နယူးဂျာစီ၊ Toms River က အဆောက်အဦးတစ်ခုမှာ ပြီးခဲ့တဲ့ရက် မနက်(၆.၃၀)နာရီလောက်မှာ ဖြစ်ခဲ့တာပါ။ ယာဉ်မောင်း Barden ကိုယ်တိုင် ဒဏ်ရာပြင်းထန်စွာရရှိကာ သေဆုံးခဲ့ပြီး၊ အခြားတစ်ဦးကတော့ သူနဲ့အတူလိုက်လာတဲ့ Daniel Foley အမည်ရ (၂၃)နှစ် ကောင်လေးပါ။

Barden မောင်းနှင်လာတဲ့ ကားလေးဟာ လမ်းလယ်ကျွန်းကို အရှိန်ပြင်းစွာ ဝင်တိုက်ပြီး၊ ကားက ရေကာတာဘောင်တစ်ခုပေါ်ကို အမှတ်မထင် ရောက်သွားကာ လေပေါ်ပျံဝဲပြီး အခုလို ဖြစ်ခဲ့ပုံရတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ ကားကလည်း တော်တော်လေးကို ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။

Foley သေဆုံးခြင်းကြောင့် ကျန်ရစ်သူချစ်သူက စိတ်မကောင်းဝမ်းနည်းစကား ပြောခဲ့ပါတယ်။ သူမက သူမရဲ့ကောင်လေးကို ဘယ်လိုချစ်ခဲ့ကြောင်း၊ သူမတို့ရဲ့အချစ်ဇာတ်လမ်းဟာ သူမ အမြဲတမ်းအောက်မေ့ အမှတ်ရနေမယ့် ကြီးကျယ်တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ကြောင်း၊ အချစ်အကြောင်းကို သင်ပေးခဲ့လို့၊ သူမအတွက် ဖြစ်တည်ပေးခဲ့လို့ ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ ကျန်ရစ်သူ သူငယ်ချင်းတွေကလည်း သူတို့နှစ်ယောက်အတွက် စိတ်မကောင်း ဝမ်းနည်းကြောင်း လူမှုကွန်ရက်အသီးသီးကနေ ကြေညာခဲ့ပြီး၊ ကျန်ရစ်သူ မိသားစုဝင်တွေကိုလည်း အားပေးဝန်းရံသွားမယ်လို့ ဆိုကြပါတယ်။ သူတို့နဲ့ ငယ်သူငယ်ချင်းဖြစ်သူ အမျိုးသားတစ်ဦးက-

“ ကျွန်တော့် ငယ်သူငယ်ချင်းနှစ်ယောက်စလုံး ဒီလို အဖြစ်ဆိုး ကြုံခဲ့ရတာကို ကျွန်တော် မယုံနိုင်သလို … ဒီလိုဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး … အရင်က စကူတာတွေ၊ ဆိုင်ကယ်တွေစီးတုန်းက ဘာပြဿနာမှ မရှိခဲ့သလို စိုးရိမ်စိတ်လည်း မဖြစ်ခဲ့ပေမယ့် … အခုတော့ ဒီလို ဖြစ်လာခဲ့ပြီ ”လို့ သူရဲ့ လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။

အခု မတော်တဆမှုဖြစ်ရပ်ကြောင့် အဆောက်ဦပိုင်ရှင်တွေအနေနဲ့ လက်ရှိအဆောက်ဦကို ဖြိုချရမှာလို့ သိရပါတယ်။ အကြောင်းကတော့ ကားမတော်တဆမှုကြောင့် Structure ပိုင်းထိခိုက်သွားပြီဖြစ်တဲ့အတွက်၊ မဟုတ်ရင် နေထိုင်သူတွေမှာ အန္တရာယ်ကျရောက်နိုင်ပါတယ်။

အခင်းဖြစ်ခဲ့ရာ အဆောက်ဦမှာ Hooper Avenue Elementary School နဲ့ ပေါင်းကူးအဆောက်ဦဖြစ်ကြောင်း၊ အဲဒီမှာ စီးပွားရေးလုပ်ငန်းတွေ၊ အကြံပေးလုပ်ငန်းတွေနဲ့၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေ ရုံးစိုက်ကြောင်း၊ လူအမြဲတမ်းနေထိုင်တဲ့ အဆောက်အဦးမဟုတ်လို့၊ တစ်ခြား ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရပါတယ်။

လင်းသူရိန်

SHARE