
လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါကြီး ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး အိမ်ထဲမှာပဲ နေနေရမယ့် အချိန်ပါပဲ။ အပြင်ထွက်မယ်ဆိုလည်း လူထူထပ်တဲ့ နေရာတွေကို သွားရင်လည်း Facemask တွေကို မဖြစ်မနေတပ်ဆင်ထားရမှာက ဒီအချိန်မှာ လူတိုင်းသိထားရမယ့် ကျင့်ဝတ်တစ်ခုပဲ ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာတော့ အကြောင်းမရှိပဲ အိမ်အပြင်ကို သွားလာခွင့်တွေ ပိတ်ထားတာကိုတော့ တော်တော်များများ သိရှိကြမှာပါ။ အခုလည်း အမျိုးသမီး ၂ ယောက်ဟာ မနက်ခင်း လမ်းလျှောက်လေ့ကျင့်ခန်း လုပ်နေပြီး mask မတပ်ထားတာကြောင့် ဒဏ်အရိုက်ခံခဲ့ရကြောင်း BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အမျိုးသမီးနှစ်ယောက်ကတော့ England နိုင်ငံ၊ Derbyshire မြို့ရှိ အသက် ၂၇ နှစ်အရွယ် Jessica Allen နဲ့ Eliza Moore အမည်ရ အမျိုးသမီး သူငယ်ချင်းနှစ်ယောက်ပဲ ဖြစ်ပါတယ်။ Jessica နဲ့ Eliza တို့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၆.၁.၂၀၂၀)တုန်းက သူတို့မြို့မှာရှိတဲ့ Foremark ရေလှောင်ကန်အနီးကို လေ့ကျင့်ခန်းလုပ်ဖို့ လမ်းလျှောက်ထွက်ခဲ့ကြပါတယ်။
နှစ်ယောက်စလုံးဟာ mask မတပ်ထားတာကြောင့် အနီးအနားမှာရှိတဲ့ ရဲတွေက လူကြားထဲသွားလာနေတဲ့အတွက် mask တပ်ထားဖို့လိုကြောင်း၊ mask မတပ်ထားပါက သူတို့အနေနဲ့ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။ ဒါပေမယ့် Jessica နဲ့ Eliza တို့ဟာ လေ့ကျင့်ခန်းလုပ်နေတာဖြစ်တာကြောင့် mask မတပ်ထားနိုင်ကြောင်းပြောခဲ့ပြီး ၅ မိုင်ကျော်တောင် လမ်းလျှောက်နေခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့နေပြီးတော့ COVID 19 ကာလအတွင်း ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးခဲ့ပြီး ဒဏ်ငွေအဖြစ် ပေါင် ၂၀၀ ပေးဆောင်ခိုင်းစေခဲ့ပါတယ်။

ဒီလိုမျိုးအဖြစ်အပျက်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး အင်္ဂလန် ပြည်သူတွေကြားမှာ အငြင်းပွားစရာ ဖြစ်နေခဲ့ပါတယ်။ လူအတော်များများက ရဲတပ်ဖွဲ့ဘက်က ထောက်ခံခဲ့သလို ဒဏ်ကြေးဟာ ပြင်းထန်လွန်းတယ်ဆိုပြီး Jessica တို့ဖက်ကနေ ထောက်ခံခဲ့တဲ့ လူတွေလည်း အများအပြား ရှိခဲ့ပါတယ်။ “ကျွန်မသိချင်တာ ကိုယ်န္ဓာကျန်းမာဖို့အတွက် လေ့ကျင့်ခန်းလုပ်နေတဲ့ အချိန်မှာ ဘယ်လိုလုပ် mask ကို တပ်ထားနိုင်မှာလဲ။ ပြီးတော့ ပေါင် ၂၀၀ ဒဏ်ငွေဆောင်ခိုင်းတာကလည်း တော်တော်လေးကို တရားလွန်ပါတယ်။ ကျွန်မတို့ပြည်သူတွေဟာ COVID 19 ကာလမှာ လူ့အခွင့်အရေး တော်တော်လေး ပျောက်ဆုံးနေပါပြီ။ ကျွန်မအနေနဲ့ ဒီကိစ္စကို လုံးဝမကျေနပ်ပါဘူး”လို့ Jessica ဟာ သူမရဲ့ Instagram မှာ ပို့စ်တင်ခဲ့ပါတယ်။

Pyi Hein Kyaw