အသက် (၁၉) နှစ်နဲ့ မီလျံနာဘယ်လိုဖြစ်လာသလဲ ပြောပြခဲ့တဲ့ အမျိုးသမီးလေး

instagram/oliviaconlon

အင်္ဂလန်နိုင်ငံက အသက်အငယ်ဆုံး စွန့်ဦးတီထွင်သူလေးတစ်ဦးဖြစ်တဲ့ အိုလီဗီယာကွန်လွန်ဆိုသူ အမျိုးသမီးလေးဟာ အသက် (၂၀) မပြည့်ခင်မှာပဲ ဒေါ်လာ (၁) သန်း စီးပွားရှာနိုင်ခဲ့သူ ဖြစ်ပါတယ်။ အိုလီဗီယာဟာ အသက် (၁၃) နှစ်အရွယ်ကစပြီး လက်သည်းအတုတွေကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အိုလီဗီယာဟာ အသက် (၂၁) နှစ်ရှိနေပြီဖြစ်ပြီး Property Stagers အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ ရဲ့ ဒါရိုက်တာတစ်ဦး ဖြစ်နေပါပြီ။

instagram/oliviaconlon

အသက်ငယ်ငယ်လေးနဲ့ ကိုယ့်လမ်းကြောင်း ကိုယ်ဖောက်ပြီး စီးပွားရှာနိုင်နေတဲ့ အိုလီဗီယာရဲ့အကြောင်းကို ladbible ကနေတဆင့် အခုလို သိရပါတယ်။ အိုလီဗီယာနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာတော့ သူမက “မနှစ်တုန်းက ကျွန်မက တစ်နှစ်တာအင်္ဂလန်ရဲ့လူငယ်စွန့်ဦးတီထွင်သူအဖြစ် ဆုရခဲ့ပါတယ်။ လူအများစုကတော့ ကျွန်မနဲ့ပတ်သက်ပြီး အကောင်းပြောကြပေမယ့် တစ်ချို့ကလည်း ကျွန်မမှာ ကိုယ်ပိုင်ဘ၀ဆိုတာ မရှိဘူး။ ချမ်းသာလာတာ မိသားစုစီးပွားရေးကြောင့် ဖြစ်မယ်ဆိုပြီး ပြောကြတယ်…”

instagram/oliviaconlon

“လူတွေက ကျွန်မအသက် (၂၁) နှစ်၊ ပြီးတော့ ပေါင်သန်းချီတန်တဲ့ စီးပွားရေးကိုလုပ်လာတာ (၅) နှစ်လောက် ကြာပြီလို့ သိရတဲ့အခါ အံ့သြသွားကြတယ်။ ကျွန်မကတော့ လူငယ်တွေကို သိစေချင်ပါတယ်။ တစ်ကယ်လို့ ကိုယ့်မှာ အကြံအစည်ကောင်းရှိတယ်ဆိုရင် အကောင်အထည်ရအောင် ဖော်ပါ။ အသက်အရွယ်ကို အတားအဆီးအဖြစ်မခံပါနဲ့။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်…”လို့ ဆိုပါတယ်။

READ
လူ့အဖွဲ့အစည်းကြောင့် ဖန်တီးနိုင်စွမ်းတွေပျောက်ဆုံးရပုံကို ဖော်ပြနေတဲ့ ရုပ်ရှင်တိုလေး

အိုလီဗီယာဟာ ကျောင်းတက်တုန်းက ကျောင်းမှာ မကြာခဏအနိုင်ကျင့်ခံရသူတစ်ဦးဖြစ်ပြီး အဲ့ဒီကနေ စကာ သူမအတွက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ဖို့ ဖြစ်လာတာပါ။ အိုလီဗီယာက “ကျွန်မက အတန်းထဲမှာ အမှတ်ကောင်းလို့ အနိုင်ကျင့်ခံရတယ်၊ ဒါနဲ့ နောက်ထပ် ကျောင်းတစ်ကျောင်းကို ပြောင်းဖို့ဖြစ်လာတာ။ အသက် (၁၃) နှစ်လောက်ကျတော့ ကျွန်မရဲ့ ပထမဆုံး စီးပွားရေးကို စလုပ်ဖြစ်တယ်။ တရုတ်ကနေ လက်သည်းအတုတွေ သွင်းပြီး eBay မှာ ပြန်ရောင်းတယ်။ စစချင်း ဒေါ်လာ (၄၀၀) လောက် ရင်းနှီးမြှုပ်နှံလိုက်တာ နောက်တော့ ဒေါ်လာ (၆,၆၀၀) လောက် အမြတ်ရတယ်…” လို့ ပြောပြပါတယ်။

instagram/oliviaconlon

ထို့နောက်မှာတော့ သူမဟာ The Property Stagers ဆိုတဲ့ ကုမ္ပဏီကို ထူထောင်လိုက်ပါတယ်။ ကုမ္ပဏီဟာ အခန်းအလွတ်တွေကို မရောင်းချခင်၊ မငှားခင်မှာ ပိုပြီးဆွဲဆောင်မှုရှိအောင်၊ ၀ယ်သူသဘောကျအောင်လို့ အခန်းသစ်ထဲ ပရိဘောဂတွေကို လိုက်လံပြင်ဆင်ခင်းကျင်းပေးတာ၊ ပုံစံပြောင်းပေးတာတွေကို ၀န်ဆောင်မှုပေးပါတယ်။ အိုလီဗီယာဟာ စီးပွားရေးကို ဇောက်ချလုပ်နေတဲ့အတွက် ကျောင်းက ဆရာ၊ဆရာမတွေနဲ့ သူငယ်ချင်းတွေရဲ့ ပြောဆိုတာတွေကို ခံခဲ့ရပါတယ်။

 

View this post on Instagram

 

It’s not everyday you are invited to No.10 💂‍♀️

A post shared by The UK Young Entrepreneur (@oliviaconlon) on

အိုလီဗီယာ တစ်နေ့ကို (၁၈) နာရီကြာအောင် အလုပ်လုပ်ပါတယ်။ အလုပ်အပ်သူတွေက သူမကို ဆံပင်ရှည်နဲ့ဆိုရင် အသက်ငယ်သေးတယ်လို့ ထင်မှာစိုးလို့ ရုပ်ရင့်အောင်ဆိုပြီး အိုလီဗီယာဟာ ဆံပင်တိုတောင်ညှပ်ပစ်ခဲ့ပါတယ်။ ရက်ပေါင်း လပေါင်းများစွာ ကြာတဲ့အခါမှာတော့ အိုလီဗီယာနဲ့ ရွယ်တူသူငယ်ချင်းတွေရဲ့ ဘ၀ဟာ အကွာကြီး ကွာသွားခဲ့ပါပြီ။ သူငယ်ချင်းတွေက ကလပ်တက်ပြီး ပျော်ပါးဖို့ စီစဉ်နေတဲ့အချိန်မှာ သူမဟာ သူမဘဏ်အကောင့်ထဲ ၀င်ငွေတိုးလာအောင် အလုပ်တွေ အားသွန်ခွန်စိုက်လုပ်နေပါပြီ။

READ
အောက်ပိုင်းသေနေတဲ့မိခင်ကို ကျောင်းတစ်ဖက်နဲ့ ပြုစုပေးနေရှာတဲ့ (၁၀)နှစ်သားလေး
instagram/oliviaconlon

ပထမတစ်နှစ်ထဲနဲ့ပဲ အိုလီဗီယာရဲ့ လုပ်ငန်းဟာ ဒေါ်လာ (၃၉,၆၀၀) အကျိုးအမြတ်ရခဲ့ပြီး ဒုတိယနှစ်မှာတော့ ဒေါ်လာ (၁.၃) သန်း အမြတ်အစွန်းတိုးပွားလာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အိုလီဗီယာဟာ မိခင်ဖြစ်သူကိုပါ အလုပ်ကနေ ထွက်ခိုင်းပြီး သူမအလုပ်ထဲမှာပဲ အကြံပေးပုဂ္ဂိုလ်တစ်ဦးအနေနဲ့ အလုပ်ခန့်ထားပါတယ်။ ဒါ့အပြင် သူမဟာ ဂလက်စကိုနဲ့ မန်ချက်စတာတို့မှာ ၀န်ထမ်း (၁၀) ဦးနဲ့ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီကို ဆက်လက်ဦးဆောင်နေကြောင်း ladbible သတင်းအရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE