
Uniqlo ဟာ ကျား၊မအဝတ်အထည်တွေကို လက်လီရောင်းချနေတဲ့ ဖက်ရှင်ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး အာရှရဲ့အင်အားအကြီးဆုံး လက်လီဖက်ရှင်ကုမ္ပဏီလို့ ဆိုနိုင်ပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းကြီးလေ၊ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်အာမခံချက်နဲ့ လစာပိုင်းဆိုင်ရာမှာလည်း သူများကုမ္ပဏီတွေထက် သာတတ်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ Uniqlo အတွက်ကတော့ ဒီလိုကိစ္စတွေဆိုတာ အသေးအမွှားတောင် ဖြစ်လို့သွားခဲ့ပါပြီ။
Straits Times မှ ဖော်ပြချက်အရ Uniqlo ကုမ္ပဏီဟာ ဝန်ထမ်းတွေအတွက် အံ့မခမ်းလစာပမာဏကို တိုးပေးသွားတော့မယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကိုတော့ Uniqlo ပိုင်ရှင်ကုမ္ပဏီဖြစ်တဲ့ Fast Retailing Co မှ ဆုံးဖြတ်ချက်ချပေးခဲ့တာပါ။ အကြောင်းအရာကတော့ Uniqlo မှ အခြေခံဝန်ထမ်းတွေထဲက အလားအလာရှိပြီး ပေါက်ရောက်နိုင်တဲ့ ဝန်ထမ်းတွေကို ၃ နှစ်အတွင်း စီမံခန့်ခွဲရေးဌာနမှာ ရာထူးတိုးမြှင့်ပေးသွားမှာဖြစ်ပြီး လစာကိုလည်း လက်ရှိ စီမီခန့်ခွဲရေးမှာ ပေးနေတဲ့ လစာထက်ပိုတိုးကာ တစ်နှစ်ကို ကန်ဒေါ်လာ ၂၈၀,၀၀၀ တိတိ ပေးသွားမှာပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ Uniqlo ရဲ့ စီမံခန့်ခွဲရေးဌာနက မန်နေဂျာရာထူးတွေဟာ နောက်ထပ် ၃ နှစ်နေရင် တစ်လကို ဒေါ်လာ ၂၃,၀၀၀ ကျော်နဲ့ တစ်နှစ်စာဝင်ငွေဟာ အမေရိကန်ေါး်လာ ၂၈၀,၀၀၀ တိတိ ခံစားခွင့်ရသွားမှာပါ။

ဒီပမာဏဟာ Uniqlo ရဲ့ ဖခင်ကုမ္ပဏီ Fast Retailing Co ရဲ့ စီမံခန့်ခွဲရေးဌာနလစာနဲ့ယှဉ်ရင် ၃ ဆတိတိ ပိုမြင့်နေပြီး ဂျပန်နိုင်ငံရဲ့အခြေခံလစာနဲ့ယှဉ်ကြည့်မယ်ဆိုရင်တော့ ၁၀ ဆတောင်မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒီအပြင် Uniqlo ရဲ့ CEO ဖြစ်တဲ့ Tadashi Yanai ကလည်း Uniqlo မှာ လူငယ်တွေကို အလုပ်လုပ်ဖို့အတွက် ဒီတစ်ခေါက်ဟာ အခွင့်အရေးတစ်ခုဖြစ်တာကြောင့် အလုပ်လာလုပ်ဖို့အတွက် ဖိတ်ခေါ်လျက်ရှိနေပါတယ်။
ဒါပေမဲ့လို့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂၈၀,၀၀၀ ဟာ အမေရိကနဲ့ ဥရောပနိုင်ငံက ရုံးခွဲတွေကို အပို့ခံရတဲ့ လူများအတွက်သာဖြစ်ပြီး ဂျပန်နိုင်ငံကရုံးခွဲတွေမှာဆိုရင်တော့ တစ်နှစ်စာလုပ်ခငွေဟာ ဒေါ်လာ ၉ သောင်းကျော်သာ ရရှိမှာဖြစ်ပါတယ်။ ဒေါ်လာ ၉ သောင်းကျော်ဆိုတာဟာလည်း ဂျပန်မှာဆိုရင်တော့ တော်တော်လေးကို မြင့်တဲ့လစာတစ်ခုပါ။ မြန်မာငွေနဲ့ တွက်ကြည့်မယ်ဆိုရင်တောင် တစ်နှစ်ကို သိန်း ၁၄၀၀ ကျော်နေပါပြီ။
Uniqlo ဟာ မကြာခင်နှစ်ထဲအတွင်းမှာ လုပ်ငန်းတွင်းဌာနတွေအများကြီး တိုးချဲ့သွားဖို့ရှိနေပြီး ဂျပန်နိုင်ငံတွင်းအပါအဝင် တခြားနိုင်ငံခြားတွေမှာပါ ဆိုင်ခွဲတွေ၊ ရုံးခွဲတွေ တိုးချဲ့ဖွင့်လှစ်ဖို့အတွက် ရှိနေတဲ့အတွက် လစာကောင်းတဲ့ စီမံခန့်ခွဲရေးရာထူးကို ရချင်တယ်ဆိုရင်တော့ (၃)နှစ်ကနေ (၅)နှစ်အတွင်း အချိန်ရှိနေပါသေးတယ်။

Penny