ယူအေအီးနဲ့ အိန္ဒိယကို ဆက်သွယ်ပေးမယ့် ရေအောက်ကျည်ဆန်ရထားအကြောင်း

ကီလိုမီတာ ၂၀၀၀ ကျော် ဝေးတဲ့ ယူအေအီးနဲ့ အိန္ဒိယနိုင်ငံတို့ဟာ လေကြောင်းနဲ့ ပျံသန်းသွားလာရင် ၃ နာရီခန့် အချိန်ကြာပါတယ်။ အခုဆိုရင်တော့ ယူအေအီးအာဏာပိုင်တွေက နှစ်နိုင်ငံကြား သွားလာမှုခရီး ကြာချိန်ကို တစ်နာရီခန့်သာ ကြာအောင် လျှော့ချပေးနိုင်မယ့် ဆက်သွယ်ရေး လမ်းကြောင်းသစ်ကို တီထွင်ဖို့ အစီအစဉ် ဆွဲလျက်ရှိပါတယ်။

ယူအေအီးရဲ့ နိုင်ငံတော်အဆင့် အကြံပေးဌာနက ပရောဂျက်တစ်ခုကို အဆိုတင်သွင်းထားပါတယ်။ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့နဲ့ ယူအေအီးရဲ့ ဖူဂျိုင်ရာဒေသတို့ကို ပင်လယ်ရေအောက် ရထားလိုင်းနဲ့ ဆက်သွယ်ဖို့အတွက်ပါ။ နိုဝင်ဘာ ၃၀ ရက်နေ့တုန်းက ယူအေအီးရဲ့ တရားဝင် Youtube ချယ်နယ်မှာ ပရောဂျက်ရဲ့ နမူနာ ဗီဒီယိုကို တင်ပေးထားပါတယ်။ ဗီဒီယိုထဲမှာ တွေ့ရတဲ့ ရေအောက်ရထားလိုင်း ဒီဇိုင်းကတော့ ရထားလိုဏ်ခေါင်းကို အာရေဘီယန်ပင်လယ်ထဲမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ရထားလိုင်းအရှည်ကတော့ ကီလိုမီတာ ၂၀၀၀ ပါ။

READ
ကျန်းမာရေးလိုက်စားသူများအတွက် အသုံးဝင်တဲ့ Samsung Gear Fit2

ရထားလိုင်း လိုဏ်ခေါင်းကို ရေပေါ်ကနေ ဆွဲကာ ဆောက်ထားမှာ ဖြစ်ပြီး လမ်းကြောင်းမှာ ကပ်လျက် လိုဏ်ခေါင်း ၂ ခုဖြစ်ပါတယ်။ ရေအောက်ထဲ ကျည်ဆန်ရထား ပြေးဆွဲဖို့ဆိုတာ အရမ်းကို မဖြစ်နိုင်လောက်သေးဘူးလို့ ထင်နေရပြီး ယူအေအီး အကြံပေးဌာနရဲ့ ဒါရိုက်တာ Abdulla Alshehhi ကလည်း ထိုအချက်ကို မငြင်းခဲ့ပါဘူး။ ဒီလိုခက်ခဲတဲ့ ပရောဂျက်ဖြစ်တဲ့အတွက်လည်း အချိန်ယူလေ့လာပြီး စနစ်တကျ ဆောင်ရွက်ရမှာလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါဟာ ကမ္ဘာ့ပထမဆုံး ရေအောက်ရထားလိုင်းတော့လည်း မဟုတ်ပါဘူး။ အခြားဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း ရေအောက်ရထားတွေ ရှိပြီးဖြစ်သလို တရုတ်မှာဆိုရင်လည်း ယခင်လကပဲ ရေအောက်ကျည်ဆန်ရထားကို တည်ဆောက်ဖို့ ဆွေးနွေးနေကြပါပြီ။ တရုတ်က ရေအောက်ရထားလိုင်းရဲ့ အရှည်ကတော့ ကီလိုမီတာ ၇၀ ဖြစ်ပြီး ရေအောက်ထဲ လုံးဝဖြတ်သန်းမယ့် အရှည်ကတော့ ၁၆ ကီလိုမီတာဖြစ်ပါတယ်။

အိန္ဒိယနဲ့ ယူအေအီးတို့ရဲ့ ရေအောက်ကျည်ဆန်ရထား ပရောဂျက်သာ ဖြစ်မြောက်မယ်ဆိုရင် နှစ်နိုင်ငံကြား ခရီးသွားလာရေးနဲ့ စီးပွားရေးတို့ပါ တိုးတက်လာမှာ ဖြစ်ပါတယ်။ လူတွေသာမက အခြားသယံဇာတတွေပါ ပိုမိုလွယ်ကူလျင်မြန်စွာ ကူးသန်းရောင်းဝယ်နိုင်မှာဖြစ်တဲ့အတွက် အောင်မြင်အောင် ကြိုးစားဖို့ အာရုံစိုက်နေကြတဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။

READ
ကမ္ဘာ့ပထမဆုံး ထရီလီယံနဲ့ချီပြီး  အချမ်းသာဆုံး ကုမ္ပဏီဖြစ်လာတဲ့ Apple

Ref: Futurism

SHARE