ကျုံ့နိုင်ဆန့်နိုင်ပြီး ငလျင်ဒဏ်ခံနိုင်တဲ့ ကွန်ကရစ်ဘိလပ်မြေအမျိုးအစားကို စမ်းသပ်အောင်မြင်

Swinburne University

သိပ္ပံပညာရှင်တစ်စုဟာ ငလျင်ဒဏ်ခံနိုင်တဲ့ ဘိလပ်မြေကွန်ကရစ်အမျိုးအစားတစ်ခုကို ဖန်တီးလိုက်ကြောင်း သိရပါတယ်။ ဒီကွန်ကရစ်ရဲ့ စွမ်းဆောင်ရည်ကတော့ တကယ့်ကို အံ့မခန်းဖြစ်ပြီး၊ တစ်ခြားဘိလပ်မြေတွေနဲ့မတူ ကျုံ့နိုင်ဆန့်နိုင်တဲ့အပြင် ခံနိုင်ရည်ပိုင်းကလည်း အလွန်ကို အံ့သြဖို့ ကောင်းပါတယ်။

လက်တွေ့စမ်းသပ်ပြတဲ့ ဗွီးဒီယိုမှာတော့ တခြားသာမန်ဘိလပ်မြေနဲ့ နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်။ ဘိလပ်မြေအပြားနှစ်ခုကို စက်အားနဲ့ဖိကာ ခံနိုင်ရည်ကို လက်တွေ့စမ်းသပ်ပြခဲ့တာပါ။ အခု အသစ်ဖန်တီးလိုက်တဲ့ ဘိလပ်မြေအမျိုးအစားကိုတော့ ငလျင်ဒဏ်ခံနိုင်တဲ့  ဘိလပ်မြေလို့တောင် တင်စားနေကြပါတယ်။

Swinburne University

ဗွီဒီယိုထဲမှာ သာမန်ဘိလပ်မြေအပြားဟာ ခံနိုင်ရည်ရှိသလောက် အပေါ်က ဖိအားကို တောင့်ခံထားသော်လည်း တစ်စဆီ ကျိုးပဲ့သွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုစမ်းသပ်မှုမျိုးကို အသစ်ဖန်တီးလိုက်တဲ့ ဘိလပ်မြေအပြားမှာလည်း စမ်းသပ်ပြခဲ့ပါတယ်။ ကြောက်စရာကောင်းတဲ့ စက်ဖိအားကို ခံနိုင်ရည်ရှိစွာ တောင့်ခံထားပြီး၊ ကျိုးပဲ့တာမျိုး မရှိပါဘူး။

ဒီလိုပဲ ဖိအားကို ပြန်လွှတ်လိုက်ချိန်မှာ ဘိလပ်မြေအပြားဟာ မူလနဂိုပုံစံအတိုင်း တဖြည်းဖြည်း ပြန်ရောက်သွားပါတယ်။ ဒီဗွီဒီယိုလေးကို ကြည့်ချင်းအားဖြင့် အသစ်ဖန်တီးလိုက်တဲ့ ဘိလပ်မြေဟာ ငလျင်ဒဏ်ကို သေချာပေါက် ခံနိုင်ရည်ရှိမယ်လို့ ယုံကြည်ရပါတယ်။ နောက်ပြီး အန္တရာယ်ရှိတဲ့ ငလျင်ပြတ်ရွေ့ဒဏ်တွေကိုပါ မှုစရာမလိုလောက်ဘူးလို့ မျှော်လင့်ရပါတယ်။

Swinburne University

ဒီတီထွင်မှုကို Swinburne University ကနေ ဖန်တီးခဲ့တာဖြစ်ပြီး၊ သိပ္ပံဂျာနယ်တစ်ခုဖြစ်တဲ့ Construction and Building Materials ဂျာနယ်မှာ ဖော်ပြခဲ့တာပါ။ လေ့လာမှုအရ ဒီပစ္စည်းအတွင်းမှာ ဆံချည်မျှင် fracture တွေ ထည့်သွင်းထားခြင်းကြောင့်၊ ဒါကပဲ ၎င်းအရာဝတ္ထုကို ခံနိုင်ရည် ပိုမိုမြင့်မားစေတာလို့ ဆိုပါတယ်။

စမ်းသပ်ထုတ်လုပ်မှုခေါင်းဆောင်ဖြစ်သူ Behzad Nematollahi က “ ဒီထူးခြားတဲ့အရာဝတ္ထုကို ထုတ်လုပ်ဖို့ စွမ်းအင် (၃၆)%လောက် လိုအပ်ပြီး … ဘိလပ်မြေနဲ့လုပ်ထားတဲ့ သာမန်ကွန်ကရစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုအပိုင်းမှာ (၇၆)%အထိ လျှော့ချပေးပါတယ် … ”လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် ဒီဘိလပ်မြေအမျိုးအစားဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလည်း မရှိပါဘူးတဲ့။ Behzad က “ ကျွန်တော်တို့ ဓာတ်ခွဲခန်းမှာ စမ်းသပ်တဲ့အခါ ဒီဘိလပ်မြေဟာ သာမန်ဘိလပ်မြေထက် အဆပေါင်း(၄၀၀)အထိ ကွေးနိုင်ဆန့်နိုင်ပါတယ် ”လို့ပြောခဲ့ပါတယ်။ မှတ်ချက်ရေးသူကတော့ ဒီဘိလပ်မြေသာ တွင်ကျယ်ရင် တစ်ခြား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် အရာတွေကို လျှော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။

အခြား မှတ်ချက်ရေးသူကတော့ ဒီဘိလပ်မြေဟာ ကွေးနိုင်တယ်ဆိုတာ လက်ခံပေမယ့်၊ ပြန်ပြီးဆန့်တဲ့အခါမှာတော့ လုံလောက်တဲ့ အနေအထားကို ပြန်ရောက်ဖို့လွယ်မှာမဟုတ်ကြောင်း ဗွီဒီယိုထဲက ရလဒ်ကိုကြည့်ပြီး ရေးသားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ငလျင်ဒဏ်ကို ခံနိုင်တယ်ဆိုတဲ့ အားသာချက်နဲ့တင် များများထုတ်လုပ်နိုင်ပါစေလို့ ဆုတောင်းရမယ့်သဘောပါ။

လင်းသုတ

SHARE