2D ကမ္ဘာထဲ ရောက်သွားသလို ခံစားသွားရစေမယ့် ဂျပန်နိုင်ငံက ကော်ဖီဆိုင်လေး

ဆိုရှယ်မီဒီယာပေါ်မှာတော့ ခပ်ဆန်းဆန်းအိုင်ဒီယာတွေနဲ့ ဖွင့်လှစ်လာတဲ့ ကော်ဖီဆိုင်တွေက တစ်နေ့တစ်ခြား မရိုးနိုင်အောင် ထွက်ပေါ်လာနေပါတယ်။ အခုတစ်ခါမှာလည်း ဂျပန်နိုင်ငံ တိုကျိုမြို့ထဲမှာ ထူးထူးခြားခြား ကော်ဖီဆိုင်လေးတစ်ခု ပေါ်ထွက်လာပါတယ်။ “2D Cafe” လို့ အမည်ပေးထားတဲ့ ကော်ဖီဆိုင်လေးဟာ ဂျပန်နိုင်ငံ ရှင်အိုကူဘို ခရိုင်ထဲမှာပါ။

2_dcafe
2_dcafe

ဆိုင်လေးရဲ့ အပြင်အဆင်ဒီဇိုင်းကိုတော့ ရုပ်ပြစာအုပ်တစ်အုပ်လို ဖန်တီးထားတာကြောင့် ကိုယ်တိုင် စာအုပ်ထဲရောက်သလို ခံစားသွားရစေမှာ ဖြစ်ပါတယ်။ ဆိုင်ထဲကို စစချင်းဝင်လိုက်ကတည်းက ထူးခြားတဲ့ အငွေ့အသက်ကို စတင်ခံစားမိမှာပါ။ နံရံတွေ၊ ကြမ်းခင်းတွေနဲ့ ပရိဘောဂတွေအဆုံး အားလုံးအသေးစိတ်ကို အဖြူနဲ့အနက် အရောင်နှစ်ရောင်ကို အများဆုံးသုံးပြီး မွန်းမံခြယ်သထားတာ ဖြစ်ပါတယ်။

2_dcafe
2_dcafe

အတွင်းခန်း အပြင်အဆင်ဒီဇိုင်းက flat design ဖြစ်နေတာကြောင့် တကယ်ရော ထိတွေ့လို့ ရရဲ့လား၊ မျက်စိကပဲ လှည့်စားနေတာလားဆိုတာ ဒွိဟဖြစ်ရလောက်တဲ့အထိ အံ့သြမှူမျိုး ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ပရိဘောဂတွေမှာတော့ အားလုံးအဖြူအနက်ချည်းတွေပဲတော့ မဟုတ်ပါဘူး။ မသိမသာ အ၀ါဖျော့ဖျော့လေး သန်းတဲ့အရောင်တွေလည်း ပါဝင်တဲ့အပြင် ပရိဘောဂအများစုက ပုံကြမ်းရေးခြစ်ထားသလို အနက်ရောင်လိုင်းစင်းတွေနဲ့ ဖြစ်ပါတယ်။

2_dcafe
2_dcafe

ဆိုင်မှာ အဓိကရောင်းချတဲ့ အစားအသောက်က ပုလဲသီးလက်ဖက်ရည်ဖြစ်ပါတယ်။ ပုလဲသီးလက်ဖက်ရည်နဲ့ ပတ်သက်လို့ အရသာမျိုးစုံရနိုင်ပါတယ်။ နာနတ်သီးသောက်မလား၊ ဘလူးဘယ်ရီ၊ ခရမ်းချဉ်သီး၊ သရက်သီး စသဖြင့် အသီးအရသာလည်း အမျိုးမျိုး ရှိပါတယ်။ ကိုရီးယားစတိုင် အချိုပွဲတွေလည်း ဆိုင်မှာရနိုင်ပါသေးတယ်။ ဆိုင်ကို လာရောက်သုံးဆောင်သူတွေအနေနဲ့ကတော့ ဆိုင်လေးရဲ့ ထူးခြားတဲ့ 2D ရုပ်ပြဆန်ဆန် ဒီဇိုင်းကို လေ့လာနိုင်ရုံတင်မကပဲ အရသာရှိတဲ့ အစားအသောက်တွေကိုပါ မြည်းစမ်းနိုင်မှာ ဖြစ်ကြောင်း Boredpanda ကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE