လက်ဖက်ရည်ထုပ်တွေထဲမှာ ပလတ်စတစ်မှုန်တွေ သန်းချီပါဝင်ကြောင်း ပညာရှင်တွေဆို

Unsplash/Brian Patrick Tagalog

ကနေဒါနိုင်ငံမှာရှိတဲ့ သိပ္ပံပညာရှင်တွေက လူတွေနှစ်ခြိုက်စွာသောက်သုံးနေကြတဲ့ လက်ဖက်ရည်ထဲမှာ မလိုလားအပ်တဲ့အရာတွေ ပါဝင်နေကြောင်း ပြောကြားခဲ့တာကို news.com.au သတင်းဝက်ဆိုက်ဒ်အရ သိရပါတယ်။ လက်ဖက်ရည်ခွက်တစ်ခွက်ထဲမှာ ပလတ်စတစ်အမှုန်လေးတွေဟာ သန်းနဲ့ချီပါဝင်နေတယ်ဆိုတာကို လေ့လာချက်အသစ်ထဲမှာ တွေ့လိုက်ရတာပါ။

ကနေဒါနိုင်ငံ McGill တက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ စစ်ဆေးချက်အရတော့ သာမန်လက်ဖက်ရည်တစ်ခွက်မှာဆိုရင်ပဲ ပလတ်စတစ် လက်ဖက်ရည်ထုပ် အိတ်တွေကထွက်လာတဲ့ ပလတ်စတစ်အမှုန်လေးတွေဟာ အများကြီးပါလာတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ထုတ်လုပ်သူတွေက စက္ကူကို အသုံးပြုကြပေမယ့် နောက်ပိုင်း ပလတ်စတစ်တွေကို ပြောင်းလဲထုတ်ပိုးခဲ့ရာကနေ ပလတ်စတစ်တွေပါ အရည်ထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

unsplash/Lynda Sanchez

McGill တက္ကသိုလ်က လေ့လာချက် အကျဉ်းချုပ်ထဲမှာတော့ လက်ဖက်ရည်ခွက်တစ်ခွက်မှာရှိတဲ့ ပလတ်စတစ် ပါဝင်နှုန်း ပမာဏဟာ အခြားအစားအသောက်တွေထဲမှာ ပါဝင်တဲ့ ပလတ်စတစ်ပမာဏထက် အဆပေါင်းထောင်နဲ့ချီ ပါဝင်တယ်လို့ ရေးသားထားပါတယ်။

READ
လက်သည်းအလယ်မှာ အဖြူရောင်အကွက်တွေပေါ်လာတာ ကောင်းသလား/ဆိုးသလား ?

ဓာတုအင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ပရောဖက်ဆာ နာသာလီတူဖန့်ဂျီကတော့ “ကျွန်တော်တို့ထင်တာက ပလတ်စတစ်လက်ဖက်ရည်ထုပ်တွေထဲမှာ ပလတ်စတစ်မှုန်တွေက ပါရင်လည်း ရာဂဏန်း၊ထောင်ဂဏန်းလောက်ပဲ ပါလိမ့်မယ်လို့ ထင်ထားတာ။ အခုတော့ လက်ဖက်ရည်တစ်ခွက်ထဲမှာဆိုရင်  ပလတ်စတစ်အမှုန်သေးသေးတွေက သန်းနဲ့ချီပါနေတာကို တွေ့လိုက်ရတယ်။ ကျွန်တော်တို့လည်း အရမ်းအံ့သြရပါတယ်…” လို့ ပြောပြခဲ့ပါတယ်။

unsplash/Drew Taylor

လက်ဖက်ရည်ထုတ်တွေရဲ့ (၉၆) ရာခိုင်နှုန်းမှာ polypropylene လို့ခေါ်တဲ့ ပလတ်စတစ်ပစ္စည်းတစ်မျိုးပါဝင်ပြီး ၄င်းကို လက်ဖက်ရည်ထုပ်တွေကို လုံအောင်ပိတ်ဖို့နဲ့ ပုံသဏ္ဍာန်မယွင်းအောင် ပြုလုပ်ရာမှာ အသုံးပြုပါတယ်။ လက်ရှိထိတော့ လက်ဖက်ရည်သောက်ရင်း ဒီပလတ်စတစ်မှုန်တွေကို သောက်သုံးမိတဲ့အပေါ် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကိုတော့ သေချာမသိရသေးတဲ့အတွက် ပညာရှင်တွေဟာ လေ့လာစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE