အာဖဂန်ပဋိပက္ခကိုအဆုံးသတ်ဖို့ အမေရိကန်နဲ့ တာလီဘန်တို့ ငြိမ်းချမ်းရေးလက်မှတ်ထိုး

YouTube/WTVD

အမေရိကန်နဲ့ တာလီဘန်လက်နက်ကိုင်သူပုန်တို့ဟာ (၁၈)နှစ်ကြာဖြစ်ပွားခဲ့တဲ့ အာဖဂန်ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ဖေဖော်ဝါရီလ(၂၉)ရက်နေ့က ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ အမေရိကန်ဘက်က ကိုယ်စားပြုလက်မှတ်ထိုးသူကတော့ အထူးသံတမန် Zalmay Khalilzad ဖြစ်ပြီး၊ တာလီဘန်ဘက်ကတော့ နိုင်ငံရေးခေါင်းဆောင် Baradar က ကိုယ်စားပြု လက်မှတ်ရေးထိုးခဲ့တာပါ။

နှစ်ဘက်သံတမန်တွေဟာ ကာတာနိုင်ငံမြို့တော် ဒိုဟာမြို့မှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ဒီသဘောတူညီမှု ငြိမ်းချမ်းရေးစာချုပ်ကနေ အနှစ်(၂၀)နီးပါးလောက် ဖြစ်ခဲ့တဲ့ တာလီဘန်-အာဖဂန်ပဋိပက္ခကို ရပ်စဲနိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။ သို့သော်လည်း ပြောစရာဖြစ်စေတာက အာဖဂန်ကိုယ်စားပြုဘက်က ကိုယ်စားလှယ်မပါဘဲ အမေရိကန်က ဦးဆောင် လက်မှတ်ထိုးခဲ့တာပါ။

အခုဖြစ်စဉ်မှာလည်း ငြိမ်းချမ်းရေးသဘောတူညီချက်အရ အမေရိကန်စစ်တပ်တွေကို အာဖဂန်စစ်မြေပြင်ကနေ (၁၄)လအတွင်း ရုပ်သိမ်းပေးရေးဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ သို့သော်လည်း ဒီစာချုပ်ကြောင့်ပဲ အာဖဂန်မှာ အဖွဲ့အမျိုးမျိုးကွဲနေတဲ့ လက်နက်ကိုင်တွေကြား အခြေအနေတွေ ပိုပြီးရှုပ်ထွေးကုန်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဒီလက်မှတ်ထိုးမှုကို အမေရိကန်ပြည်ထောင်စုအတွင်းရေးမှူး မိုက်ခ်ပွန်ပီယိုက မျက်မြင်သက်သေအဖြစ် ပါဝင်အတည်ပြုပေးခဲ့ပါတယ်။ ဒီလက်မှတ်ထိုးမှုက (၁၈)နှစ်ကြာ အရှည်ဆုံးစစ်ပွဲကို အဆုံးသတ်စေဖို့ လမ်းစဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတအနေနဲ့လည်း စာချုပ်ပါသဘောတူညီချက်အတိုင်း စစ်တပ်တွေကို တဖြည်းဖြည်း ပြန်ခေါ်ရတော့မှာပါ။

သို့သော်လည်း စိုးရိမ်စရာအချက်က အမေရိကန်ရဲ့လုပ်ရပ်ဟာ တာလီဘန်သူပုန်တွေကို နိုင်ငံတကာမှာ တရားဝင်အဖွဲ့အစည်းဖြစ်တယ်လို့ သတ်မှတ်လိုက်သလို ဖြစ်သွားစေမှာကို လုံခြုံရေးကျွမ်းကျင်ပညာရှင်တွေက စိုးရိမ်နေပါတယ်။ ကဘူးလ်မြို့အမေရိကန်သံရုံးကတော့ ဒီနေ့ဟာ အာဖဂန်အတွက် နေ့ထူးနေ့မြတ်လို့ ကြေညာခဲ့ပါတယ်။

 

လက်မှတ်ရေးထိုးပြီး နာရီပိုင်းအကြာမှာ တာလီဘန်ဘက်ကလည်း အာဖဂန်အခြေစိုက် ယင်းတပ်ဖွဲ့ဝင်တွေကို “တိုင်းပြည်ရဲ့ အပျော်တွေကို မထိခိုက်စေဖို့ … မည်သည့်တိုက်ခိုက်မှုမျှ မပြုလုပ်ရန် ”ဆိုပြီး အမိန့်ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့ ကြေညာချက်မှာ အမေရိကန်က ဂတိကဝတ်တွေကို လုံခြုံစွာစောင့်ထိန်းလိမ့်မယ်လို့ မျှော်လင့်ကြောင်း Zabiullah Mujahid က ဆိုထားပါတယ်။

တာလီဘန်တွေအနေနဲ့ အမေရိကန် တိုက်လေယာဉ်တွေ၊ နိုင်ငံခြားစစ်တပ်ပိုင် တိုက်လေယာဉ်တွေ တာလီဘန်ပိုင်နက်အတွင်း ဖြတ်သန်းပျံသန်းတာကို မြင်ရင်တောင်မှ တိုက်ခိုက်ခြင်း မပြုဖို့ အမိန့်ထုတ်ပြန်ထားပါတယ်တဲ့။ အာဖဂန်တော်တော်များများကတော့ သူတို့တစ်တွေ ငြိမ်းချမ်းတော့မယ်လို့ မျှော်လင့်ယုံကြည်နေပါတယ်။

လင်းသုတ

SHARE