တရုတ် brand ဖြစ်တဲ့ Vivo ဖုန်းတွေကတော့ ဈေးနှုန်းထားလည်း သင့်ပြီး အရည်အသွေးလည်း ကောင်းတဲ့ စမတ်ဖုန်းဖြစ်တာကြောင့် မြန်မာနိုင်ငံမှာဆိုလည်း လူသုံးများတဲ့ ဖုန်းတစ်မျိုးဖြစ်ပါတယ်။ Vivo က ကင်မရာတွေ ကောင်းလို့လည်း လူကြိုက်များတဲ့ စမတ်ဖုန်း brand ဖြစ်ပါတယ်။
အခုဆိုရင်တော့ Vivo ကနေ အသစ်ထွက်ရှိလာတော့မယ့် V15 Pro ဖုန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာကို Vivo ရဲ့ အိန္ဒိယ တွစ်တာအကောင့်ကနေ ကြေညာခဲ့ပါတယ်။ ယခု V15 Pro မှာလည်း အဓိကအားသာချက်က ကင်မရာတွေ ဖြစ်ပါတယ်။ အဓိက rear ကင်မရာနဲ့ ဆယ်ဖီကင်မရာထဲကမှ ပိုထူးခြားနေတာကတော့ အရှေ့ဘက်က ဆယ်ဖီကင်မရာ ဖြစ်ပါတယ်။

ဆယ်ဖီကင်မရာက မြင်နေကျ အရှေ့ဘက်ကင်မရာတွေနဲ့ မတူဘဲ ဖုန်းရဲ့ ညာဘက်အပေါ်ထောင့်ကနေ သက်သက် ထွက်လာမယ့် pop-up ကင်မရာအမျိုးအစားဖြစ်ပါတယ်။ ဆယ်ဖီကင်မရာရဲ့ megapixel ပမာဏကလည်း စမတ်ဖုန်း တော်တော်များများရဲ့ အဓိက rear ကင်မရာထက်တောင် ပိုများပါတယ်။ 32 megapixel ဖြစ်ပါတယ်။

Rear ကင်မရာကလည်း lens ၃ ခုပါဝင်ပြီး အဓိက lens မှာ 48 megapixel တောင် ဖြစ်ပါတယ်။ Secondary lens အနေနဲ့ကတော့ 8 megapixel ဖြစ်ပြီး portrait mode ရိုက်ချက်တွေအတွက် depth sensor ကတော့ 5-megapixel ရှိပါတယ်။

Megapixel တွေက များပြီးသားဆိုပေမယ့်လည်း အရည်အသွေးမြင့် ပုံကောင်းတွေထွက်ဖို့ ဆော့ဖ်ဝဲအကူအညီနဲ့ ဓာတ်ပုံရိုက်နည်းလေးတွေတော့ လိုအပ်သေးကြောင်းလည်း ရှင်းပြထားပါသေးတယ်။ V15 Pro ဖုန်းနဲ့ ပတ်သက်လို့တော့ Vivo ကုမ္ပဏီကနေ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အသေးစိတ်ကြေညာသွားမှာဖြစ်ကြောင်း သိရပါတယ်။
Ref: Business Insider