Gay ဆိုပြီး စခန်းမှူးက နှိမ်ခဲ့လို့၊ လျော်ကြေး ဒေါ်လာ(၁၉)သန်းရရှိခဲ့တဲ့ ရဲအရာရှိ

Twitter / Pressform

ဝါရင့်ရဲတပ်ကြပ်ကြီးတစ်ဦးဟာ သူက Gay ဖြစ်နေတဲ့အတွက် ရာထူးတိုးပေးဖို့မရှိကြောင်း စခန်းမှူးက ချိုးနှိမ်ပြောဆိုခြင်း ခံခဲ့ရပါတယ်။ ဒီအတွက် မကျေနပ်လို့ တရားစွဲဆိုခဲ့ရာမှာ အခုဆိုရင် လျော်ကြး ဒေါ်လာ (၁၉)သန်းအထိ ရရှိခဲ့ပြီလို့ သိရပါတယ်။

တပ်ကြပ်ကြီးရဲ့နာမည်ကတော့ ဆာဂျင် Keith Wildhaver ဖြစ်ပြီး၊ သူဟာ St Louis County Police Department မှာ တာဝန်ထမ်းဆောင်သူပါ။ အထက်အရာရှိကို တရားစွဲဆိုရာမှာ အောင်မြင်ခဲ့တဲ့အတွက် နစ်နာကြေး ဒေါ်လာ (၁၉)သန်းအထိ ထူးထူးခြားခြား ရရှိခဲ့တာ ဖြစ်ပါတယ်။ သူရဲ့အမှုကို ပြီးခဲ့တဲ့သောကြာနေ့က နောက်ဆုံးကြားနာခဲ့တာပါ။

တကယ်တမ်း သူရဲ့နစ်နာမှုက ဒေါ်လာ (၁.၉)သန်း ဆိုသော်လည်း၊ ထပ်တိုးဒဏ်ကြေးငွေ ဒေါ်လာ(၁၀)သန်းအပြင်၊ အမှန်တကယ် နစ်နာကြေး ဒေါ်လာ (၉၉၀၀၀၀)နဲ့၊ ထပ်တိုးနစ်နာဒဏ်ကြေး ဒေါ်လာ (၇)သန်းကိုပါ ပူးတွဲပေးဆောင်စေရန် တရားရုံးက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဆိုရရင် သူဟာ ဒေါ်လာ (၁၉.၉)သန်းအထိ ပိုင်ဆိုင်သွားတဲ့ သဘောပါ။

ဆာဂျင် Keith ဟာ (၁၉၉၄)ခုနှစ်ကတည်းက ရဲတပ်သားဘဝကနေ အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လုပ်သက် (၂၅)နှစ်အထိ ရရှိထားတဲ့ ဝါရင့်ရဲအရာရှိတစ်ဦးပါ။ ဒါပေမယ့် (၂၀၁၄)ခုနှစ်မှာ ယင်းရဲတပ်ရင်းရဲ့ ကော်မရှင်နာတစ်ဦးဖြစ်တဲ့ ရဲမှူး John Saracino က သူ့ကို Gay ဖြစ်နေလို့ ရာထူးတိုးပေးဖို့မဖြစ်နိုင်ဘူးလို့ နစ်နစ်နာနာ ပြောခဲ့ပါတယ်။

John က “ တကယ်လို့ မင်းက အင်္ကျီအဖြူဝတ်ချင်တယ် (ရာထူးတစ်ဆင့်တိုးချင်တယ်)ဆိုရင် … မင်းရဲ့ Gay ဖြစ်နေမှုကို စွန့်လွှတ်ဖို့လိုတယ် ”လို့လည်း ပြောခဲ့ပါသေးတယ်။ (၂၀၁၆)မှာ တရားရုံးက Keith ရဲ့ တရားစွဲဆိုမှုကို လက်ခံခဲ့ပြီး၊ အခုလို သူ့ဘက်ကနေ တရားမျှတစွာ ဆုံးဖြတ်ချက်ချခဲ့တာပါ။

ဒါပေမယ့် Keith ဟာ ရဲတပ်ဖွဲ့နဲ့ ပြဿနာ ကြီးကြီးမားမား ရှိခဲ့သော်လည်း ယနေ့အချိန်ထိ အဲဒီရဲတပ်ဖွဲ့မှာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ St Louis County ရဲ့ အမှုဆောင်ဖြစ်သူ Sam Page ကတော့ အမှားအယွင်းတွေလုပ်ခဲ့တဲ့ အရာရှိပိုင်းကို အခြားတစ်ဦးနဲ့အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လင်းသုတ

SHARE