လျှပ်စစ်ဓာတ်အားပြတ်တောက်လို့ ဒုက္ခများစွာ ဖြစ်ခဲ့ရတဲ့ နယူးယောက်သားများ

twitter

ပြီးခဲ့တဲ့ စနေနေ့တုန်းက နယူးယောက်မြို့ မန်ဟက်တန်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု အချိန်(၅) နာရီနီးပါးကြာမြင့်ခဲ့ပါတယ်။ လူပေါင်းများစွာတို့ဟာ ဓာတ်လှေကားတွေထဲမှာ ပိတ်မိနေတဲ့အပြင် ရထားချိန်တွေလည်း နောက်ကျခဲ့ရပါတယ်။ မီးပျက်ချိန်အတွင်း နယူးယောက်ရဲ့ မြို့လယ်ခေါင်နဲ့ မြို့အနောက်ဘက်မှာရှိတဲ့ ရပ်ကွက်တွေမှာ အမှောင်အတိဖြစ်နေတဲ့ မြင်ကွင်းတွေကို ဗီဒီယိုတွေ ရိုက်ကူးထားကြပါတယ်။

တစ်မြို့လုံးမီးမပျက်ခင် နာရီအစောပိုင်းတွေကတည်းက မြို့တွင်းသွားလာသူတွေက ဘူတာရုံအချို့မှာလည်း မီးပျက်နေကြောင်းကို ပြောပြခဲ့ကြတာပါ။

ညနေခင်းရောက်ပြီး မှောင်လာတာနဲ့ မန်ဟက်တန်အပါအ၀င် နယူးယောက်မြို့ကြီးဟာ တစ်မြို့လုံးမှောင်လာတာကို တွေ့ရတာ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာတော့ ဓာတ်လှေကားတွေထဲ ပိတ်မိနေတဲ့သူတွေဟာ အများကြီးပဲဖြစ်နေကြောင်း သတင်းဓာတ်ပုံတွေဟာ တက်လာခဲ့ပြီး ၄င်းနေရာတွေထံ မီးသတ်သမားတွေဟာ ဦးစားပေးသွားခဲ့ရပါတယ်။

Radio City Music Hall ဆိုင်းဘုတ်ကြီးအပြင် Times Square ရဲ့ အနောက်ဘက်တခြမ်းလုံးဟာလည်း မှောင်မဲသွားခဲ့ရပါတယ်။

NBC News ရှိရာ Rockefeller Center ဟာလည်း အလားတူပဲ အားလုံးမှောင်ကျသွားခဲ့ပါတယ်။

၎င်းစနေနေ့ညမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ ပွဲတွေဟာလည်း ကျင်းပပြုလုပ်ဖို့ တော်တော်လေး အခက်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း အချို့သောတင်ဆက်ဖျော်ဖြေသူတွေကတော့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်ခဲ့ပေမယ့် လမ်းမထွက်ပြီး လူတွေကို ဖျော်ဖြေခဲ့ကြပါတယ်။

အောက်မှာ တွေ့ရတဲ့ ဗီဒီယိုဖိုင်ကတော့ မီးပွိုင့်ပျက်နေလို့ ကားလမ်းမနည်းကြည့်ကူးနေရတဲ့ နယူးယောက်သားတွေပဲ ဖြစ်ပါတယ်။

သက်ဆိုင်ရာအေဂျင်စီတွေကတော့ လူတွေကို မြေအောက်ရထားလိုင်းတွေကို မစီးကြဖို့ တိုက်တွန်းထားခဲ့ကြပါတယ်။

အခုလို ဇူလိုင်(၁၄)ရက်နေ့မှာ မြို့ကြီးတစ်မြို့လုံး မီးပြတ်တဲ့ဖြစ်ရပ်ဟာ အမေရိကန်နိုင်ငံမှာတော့ အခုတစ်ကြိမ်မတိုင်ခင် လွန်ခဲ့တဲ့ (၄၂) နှစ်ခန့်က နောက်ဆုံးဖြစ်ပွားခဲ့ပါတယ်။ ပိုပြီးထူးခြားတာကတော့ လွန်ခဲ့တဲ့ (၄၂)နှစ်မှာ မီးပျက်ခဲ့တုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင် ဇူလိုင်(၁၄)ရက်နေ့ပဲ ဖြစ်ကြောင်း သိရပါတယ်။ 

လင်းလင်း (ShweMom)

SHARE