အတွဲညီညီ တင်ဆက်မှုတွေကြောင့် နာမည်ကြီးလာတဲ့ ဘရာဇီးနိုင်ငံက သခင်နဲ့ အချစ်တော်ခွေး

ဘယ် မြို့ကြီးပြကြီးတွေကိုပဲသွားသွား လူစည်းကားရာအရပ်တွေမှာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်မှုပြတဲ့ ဖျော်ဖြေမှုတွေကတော့ တွေ့ရမြဲရှိတဲ့အရာတွေဖြစ်ပါတယ်။ ၄င်းတို့ဟာ အမြဲလည်း ထူးခြားပြီး စိတ်ကိုလည်း ကြည်ရွှင်စေတယ်။

အနောက်နိုင်ငံတွေကို သွားရင် အထင်ကရနေရာတွေမှာ မိတ်ကပ်တွေ၊ အ၀တ်အစားတွေနဲ့  ခြယ်သပြင်ဆင်ထားတဲ့ လူတွေ၊ ရုပ်တုတွေကို တွေ့ရမှာ ထူးဆန်းတဲ့ ကိစ္စတော့မဟုတ်ဘူး။ တစ်ခါတစ်ခါ ဟာသအဖွဲ့တွေဘာတွေနဲ့ တိုးတတ်တာပါသေးတယ်။

သူတို့တွေဟာ အသိအမှတ်ပြုရမယ့် ဖန်တီးမှုမြောက် ပြင်ဆင်မှုတွေနဲ့ အတူ နာရီပေါင်းများစွာ ရပ်တန့် လှည့်ပတ်သွားလာကြပြီး စိတ်ရော ကိုယ်ရော ခံနိုင်ရည်ရှိကြတယ်။ ဥရောပတိုက်မှာ အစောပိုင်းကာလတွေကတည်းက လမ်းမတွေပေါ် ဇာတ်ရုံတွေတည်ပြီး ဖြေဖျော်တာ ယဉ်ကျေးမှုလို တစ်ရပ်လို သမိုင်းမှာ ထွန်းကားခဲ့တယ်။ Street art ကိုလည်း အနုပညာတစ်ရပ်အဖြစ် အသိအမှတ်ပြုထားကြတယ်။

Yorge Luis Ruiz ဆိုတဲ့ ဗင်နီဇွဲလားနိုင်ငံသား ဖျော်ဖြေသူဟာ ဘရာဇီးလ်နိုင်ငံ ဖော်တေးလ်ဇာမြို့ကို လွန်ခဲ့တဲ့ လေးနှစ်ကပြောင်းရွှေ့ခဲ့ပြီးနောက် မြို့ရဲ့ လမ်းမတွေထက်မှာ သူ့ရဲ့ ပြောင်မြောက် အနုပညာဖန်တီးမှုတစ်ခုနဲ့ ဖျော်ဖြေတင်ဆက်နေပါတယ်။

၎င်းဟာ အသက်ရှိ ရုပ်တုတစ်ခု အသွင်လုပ်ပြီး ဖြတ်သွားဖြတ်လာတွေကို ဖျော်ဖြေနေတာဖြစ်ပါတယ်။ အဲ့ဒီလို ဖျော်ဖြေမှုမှာ သူနဲ့ အတူ အထူးပါဝင်တဲ့ အချစ်တော်ခွေးလေးကြောင့် Ruiz ဟာ လူသိများလာခဲ့တယ်။ ခွေးလေးရဲ့ နာမည်က Jaspe လို့ခေါ်ပါတယ်။ Ruiz ရဲ့ စီးပွားဖက်ဆိုလည်း ဟုတ်တယ်။

Jaspe ဟာ အင်မတန်မှ ယဉ်ပါးပြီး သိတတ်တဲ့ ခွေးလေးဖြစ်တယ်။ ခွေးမလေးက သခင်နဲ့အတူ နေ့တိုင်းလိုက်ပါရုံမက Ruiz ရဲ့ တင်ဆက်မှုတွေမှာပါ ၀င်သရုပ်ပြပါလေ့ရှိပါတယ်။ အရောင်ကလည်း သခင် ပြင်ထားပုံနဲ့ ကွက်တိ၊ ပင်ကို အသိဉာဏ်ကလည်းရှိတဲ့အပြင် သခင်ရဲ့ လှုပ်ရှားပုံတွေနဲ့ အံဝင်ခွင်ကျရှိရှိနေတတ်ပါတယ်။

ဒီလိုမျိုးဖြစ်အောင် တစ်ခါမှာ ထရိန်းမလုပ်ဖူးကြောင်း၊ လည်ပင်းကို နမ်းမလိုဟန်ပြလိုက်တာနဲ့ ဖြစ်သွားတဲ့ အမူအရာကလည်း သူ့ဟာသူ ပင်ကိုဗီဇမှာ ပါလာတာဖြစ်ကြောင်း Ruiz က ပြောပြပါတယ်။ ဘရာဇီးနိုင်ငံရဲ့ မြို့ လမ်းမထက်ပေါ်က Jaspe နဲ့ သူရဲ့ တင်ဆက်မှုက လူတွေရဲ့ အာရုံကို အပြည့်အ၀ ဆွဲဆောင်မှုပြုနိုင်ပြီး တစ်နေ့တစ်ခြား လူသိများလာတယ်။

၎င်းတို့ရဲ့ တင်ဆက်ပုံ ဗီဒီယိုဟာ တွစ်တာကနေတဆင့် ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှု့သူ ၂.၈၄ သန်းရှိခဲ့တယ်။ ဒါတင်မကသေးဘဲ အင်စတာဂရမ်မှာလည်း ပရိတ်သတ် ၉ သောင်းနီးပါရရှိထားတာကို တွေ့ရတယ်။ Ruiz ကလည်း အားပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ကြောင်း မကြာသေးခင်ကမှ ပိုစ့်တစ်ခုတင်ပြီး ဖော်ပြထားကို တွေ့ရပါတယ်။

Matthew (ShweMOM)

 

READ
ဖန်တီးနိုင်စွမ်းရှိကြောင်း သက်သေပြခဲ့ကြတဲ့ ကမ္ဘာတစ်ဝှမ်းက ဥာဏ်ကောင်းတဲ့ကလေးတွေ

 

 

SHARE