လေယာဉ်မယ်များအတွက် အစဉ်အလာတစ်ခုကို ရိုက်ချိုးလိုက်တဲ့ လေကြောင်းလိုင်းတစ်ခု

UK ရှိ လေကြောင်းလိုင်း တစ်ခုကတော့ လေကြောင်းလိုင်းတွေရဲ့ အစဉ်အလာကို ဆန့်ကျင်တဲ့ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

Virgin Atlantic ကနေ ၎င်းလေကြောင်းလိုင်းအောက်က လေယာဉ်မယ်တွေ အကုန်လုံးကို တာဝန်ချိန်အတွင်း မိတ်ကပ်လိမ်းစရာ မလိုတော့ဘူးဆိုပြီး ကြေညာလိုက်တာပါ။ ဒါတင်မက လေကြောင်းလိုင်းရဲ့ အမှတ်အသားဖြစ်တဲ့ စကတ်အနီတွေအပြင် ဘောင်းဘီတွေပါ ဝတ်ဆင်ခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ လေယာဉ်မယ်တွေအတွက် စည်းကမ်းတင်းကြပ်လွန်းလှတဲ့ လေကြောင်းလောကမှာ ရဲတင်းလွန်းတဲ့ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

Virgin Atlantic Source:Instagram

“ကျွန်တော်တို့ရဲ့ Virgin Atlantic မူလစတိုင်ကိုလည်း မပျက်စေဘဲ ယူနီဖောင်းကို ပိုထူးခြားသွားအောင် လုပ်ချင်တာပါ။ လူတွေရဲ့ အကြံပေးစကားကို နားထောင်ပြီးနောက် ရလာတဲ့ ရလဒ်အပေါ် မူတည်ပြီး လေကြောင်းလိုင်းရဲ့ ပြင်ဆင်ဝတ်စားမှု စည်းကမ်းအချို့ကို ပြောင်းလဲသတ်မှတ်လိုက်ရခြင်းဖြစ်ပါတယ်” လို့ လေကြောင်းလိုင်းရဲ့ ဒုဥက္ကဌ Mark Anderson က ပြောခဲ့ပါတယ်။

စည်းကမ်းပြောင်းလဲ မသတ်မှတ်ခင်တုန်းကတော့ Virgin Atlantic က လေယာဉ်မယ်တွေကို ပြင်ဆင်ခြယ်သမှုမှာ အနည်းဆုံး ပါးနီ၊ မျက်တောင်ခြယ်ဆေး၊ နှုတ်ခမ်းဆိုးဆေး အနီရောင် စတာတွေကို အသုံးပြုရမယ်ဆိုတဲ့ စည်းကမ်းရှိခဲ့ပါတယ်။ ယခုအခါ မိတ်ကပ်လိမ်းစရာ မလိုတော့ဘူးလို့ ကြေညာပြီးနောက်မှာလည်း မိတ်ကပ်လိမ်းလိုတဲ့ ဝန်ထမ်းတွေကတော့ ဆက်လက်လိမ်းခြယ်နိုင်ပါသေးတယ်။

READ
အမေရိကန်သံရုံး ဂျေရုဆလင်ကို ပြောင်းခဲ့ခြင်းရဲ့ နောက်ဆက်တွဲ ၀မ်းနည်းစရာဖြစ်ရပ်
Virgin Atlantic Source:Instagram

လူတော်တော်များများကတော့ လေယာဉ်မယ်တွေရဲ့ ပြင်ဆင်ခြယ်သမှု အမှတ်အသားဖြစ်တဲ့ မိတ်ကပ်လိမ်းတာကို Virgin Atlantic က ဖယ်ရှားပစ်လိုက်ခြင်းအပေါ် အတော်လေးကိုမှ အံ့အားသင့်လျက်လည်း ရှိကြပါတယ်။

လေကြောင်းလိုင်းတိုင်းလိုလိုကလည်း လေယာဉ်မယ်တွေ ပြင်ဆင်ခြယ်သမှုတွေအတွက် တင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်ထားတတ်ကြပါတယ်။ ကာတာလေကြောင်းလိုင်းမှာဆို လေယာဉ်မယ်တွေက မျက်တောင်ခြယ်ဆေးနဲ့ နှုတ်ခမ်းဆိုးဆေး မဖြစ်မနေ သုံးရမယ်၊ ဆံထုံး သို့မဟုတ် ပိုနီတေးစည်းရမယ်၊ ပိုနီတေးကလည်း ၃၀ စင်တီမီတာထက် မရှည်ရပါဘူး။

Shutterstock

Emirates လေကြောင်းလိုင်းမှာဆို လေယာဉ်မယ်တွေက “Emirates Red” လို့ ခေါ်တဲ့ အနီရောင်နဲ့ နှုတ်ခမ်းနီကိုသာ ဆိုးရတယ်၊ စင်ကာပူလေကြောင်းလိုင်းမှာဆိုရင် လေယာဉ်မယ်တွေကို တာဝန်အလိုက် အိုင်းရှဲဒိုးဆိုးရတဲ့ အရောင်တွေ ခွဲထားတယ်၊ ပါကစ္စတန်အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းမှာဆိုရင် လေယာဉ်မယ်တွေကို ဝိတ်တောင် ချခိုင်းခဲ့ပါသေးတယ်။

Shutterstock

Ref: News.com.au

SHARE