(၂၀၁၉) ခုနှစ်အတွက် ဗလာဒီမာပူတင် ပြက္ခဒိန်တွေ ထွက်ရှိလာပါပြီ။ နောက်နှစ် ပြက္ခဒိန်ထဲမှာတော့ ပူတင်ကို ရင်ဗလာကျင်းပြီး ငါးတစ်ကောင် ကိုင်ထားတာ၊ ခွေးလေးတစ်ကောင်ကို ပွေ့ဖက်ထားတာနဲ့အတူ သေနတ်ပစ်နေတဲ့ ပို့စ်တွေနဲ့ပါ တွေ့ရမှာပါ။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ ပူတင်ကို ကျားသစ်တစ်ကောင်ကို ပွတ်သပ်နေတာ၊ လယ်ကွင်းထဲ ရိုင်ဖယ်တစ်လက်ကိုင်နေပုံနဲ့ ဂျူဒိုမှာ ပြိုင်ဖက်ကို အနိုင်လှဲနေတဲ့ ပို့စ်တွေနဲ့ အတူတွေ့ခဲ့ရပါတယ်။


(၂၀၁၉) ခုနှစ်မှာ ထွက်ရှိမယ့် ပြက္ခဒိန်ထဲမှာ ရုရှားသမ္မတကြီးဟာ အေးစက်နေတဲ့ ရေခဲရေထဲ ရေစိမ်နေတဲ့ပုံတွေအပြင် ပစ္စတို လေ့ကျင့်ပစ်ခတ်နေတာ၊ အားကစားလုပ်နေတာ၊ ရေခဲဟော်ကီကစားနေတာ၊ ခွေးနှစ်ကောင်နဲ့ အတူ နှင်းထဲ ဆော့နေတာကိုပါ တွေ့ကြရမှာပါ။ အင်အားကြီးတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ မာကျောမှုနဲ့ နူးညံ့မှု နှစ်ခုစလုံးကို သရော်ထားတဲ့ memes တွေကတော့ အွန်လိုင်းပေါ်မှာ အလျိုလျိုပေါ်လာနေပါပြီ။


ယခုနှစ်ထွက်ရှိထားတဲ့ ပြက္ဒဒိန်ထဲက ပါရှားကျားသစ်ပေါက်လေးကို ကိုင်တွယ်ပွတ်သပ်နေတဲ့ ပူတင်ရဲ့ ဓာတ်ပုံကတော့ (၂၀၁၄) ခုနှစ်ကတည်းက ဆိုချီအမျိုးသားဥယျာဉ်မှာ ရိုက်ကူးထားတဲ့ပုံပါ။ နှစ်စဉ်ထွက်ရှိတဲ့ ဗလာဒီမာပူတင် ပြက္ခဒိန်တွေမှာ ပူတင်ရဲ့ သေနတ်ပစ်ချက်တွေကိုပါ အသားပေးပြီး ဖော်ပြလေ့ရှိပါတယ်။ ရုရှားလူမျိုးအချို့ကတော့ ပြက္ခဒိန်ပါပုံတွေကို သိပ်မနှစ်သက်ကြပေမယ့် အချို့ကလည်း ဇာတ်ကောင်မျိုးစုံနဲ့ ရိုက်ထားတဲ့ ပူတင်ဟာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိပုံရတာကြောင့် တိုင်းပြည်အတွက် လုံခြုံစိတ်ချမှုကို ခံစားရတယ်လို့ ဆိုပါတယ်။


ဒါပေမယ့် စစ်ပြန်ဟောင်းကြီးတစ်ဦးကတော့ သူမအနေနဲ့ ပူတင်းရဲ့ ပြက္ခဒိန်တွေကို လိုက်ရောင်းနေရတာ စိတ်ကုန်နေပြီလို့ ပြောပြခဲ့ပါတယ်။ သူမကတော့ ပူတင်းအစိုးရလက်အောက်မှာ ဆင်းရဲမွဲတေမှုတွေ ပြန့်ပွားလာတဲ့အပြင်၊ ဆေးရုံတွေကလည်း အဆင့်မမှီကြောင်းနဲ့ ပင်စင်ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။ ပူတင်ကို ထောက်ခံသူတွေကတော့ ၄င်းပြက္ခဒိန်ဟာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ရုရှားဥပဒေပြဌာန်းသူတွေထဲမှာ ခေတ်စားလာနေတယ်လို့ ပြောခဲ့ကြပါတယ်။




လင်းလင်း (ShweMom)
Ref: Dailymail