ခွေးလေးတွေရဲ့ အသက်များစွာကိုကယ်ခဲ့ပေမယ့် ကိုဗစ်ကြောင့်ကြွေလွင့်ခဲ့ရရှာသူ

instagram/rocketdogrescue

အမေရိကန်နေ Valerie Louie ဆိုသူအမျိုးသမီးဟာ ခွေးကောင်ရေပေါင်း ထာင်နဲ့ချီကာ ကယ်တင်ခဲ့သူတစ်ဦးဖြစ်ပြီး ၄င်းခွေးလေးတွေအတွက် ခိုကိုးရာမိသားစုဝင်တွေကို ရှာဖွေပေးခဲ့သူလည်း ဖြစ်ပါတယ်။ အခုလို တိရစ္ဆာန်လေးတွေကိုကယ်တင်ခဲ့ပြီး ကပ်ရောဂါအတွင်း မရေမတွက်နိုင်တဲ့လူတွေကိုအကူအညီပေးခဲ့တဲ့ Ms.Louie ဟာ ကိုဗစ်ရဲ့ရက်စက်မှုကြောင့် ကွယ်လွန်ခဲ့ရရှာပြီဖြစ်ကြောင်း nytimes သတင်းအရ သိရပါတယ်။

Ms.Louie ရဲ့အသိမိတ်ဆွေတွေ၊ သူမကူညီပေးခဲ့လို့ ခွေးမွေးစားခွင့်ရခဲ့ရှာသူ San Francisco နဲ့ Bay Area နားက ခွေးချစ်သူတွေကတော့ Ms.Louie အတွက် အရမ်းစိတ်မကောင်းဖြစ်နေခဲ့ကြတာပါ။ Ms.Louie ဟာ သခင်မဲ့နေတဲ့ ခွေးလေးတွေကို လိုက်လံကယ်ဆယ်ခဲ့ပြီး တိရစ္ဆာန်ဂေဟာတွေဆီပို့ပေးတာ၊ သူတို့ကိုခေါ်မွေးစားမယ့်သခင်တွေကို ရှာဖွေပေးခဲ့တာဟာ ဆယ်စုနှစ်၂ခုလောက် ရှိခဲ့ပါပြီ။ သူမရဲ့တိရစ္ဆာန်လေးတွေအပေါ်ထားတဲ့ ကြင်နာမှုနဲ့ စေတနာတို့ကို တခြားလူက အသိအမှတ်မပြုဘဲ မနေနိုင်လောက်တဲ့အထိ ကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။

လူတွေရဲ့အနိုင်ကျင့်ခံ၊ အကြမ်းဖက်ခံရတဲ့ခွေးလေးတွေ၊ မျက်မမြင်၊ နားမကြားတဲ့ ဒုက္ခိတခွေးလေးတွေ၊ အစွန့်ပစ်ခံရတဲ့ခွေးလေးတွေ၊ ကျိုးကန်းချိနဲ့ နေတဲ့ခွေးလေးတွေကို သူမက အများကြီးကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။ Ms.Louie ဟာ ICU မှာ နှစ်ပတ်ကြာဆေးရုံတက်ပြီး ကိုဗစ်နဲ့ပဲ အနိစ္စရောက်သွားခဲ့ရတာဖြစ်ပါတယ်။ သူမဟာ ခွေးတွေကိုပဲကယ်ဆယ်ခဲ့တာတော့မဟုတ်ပါဘူး။ အသက်ရှင်စဉ်ကတော့ သူနာပြုတစ်ဦးအနေနဲ့ အရေးပေါ်ဌာနကစပြီး Oakland က Highland ဆေးရုံမှာ ၃၂နှစ်ကြာ အလုပ်လုပ်ခဲ့ဖူးပါတယ်။

Ms.Louie ဟာ single mother တစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၂၁နှစ်အရွယ် Andrew Louie အမည်ရတဲ့ သားတစ်ယောက်ကျန်ခဲ့ပါတယ်။ Andrew Louie ဟာလည်း မိခင်နဲ့အတူနေသူဖြစ်တဲ့အတွက် ကိုဗစ်ကူးစက်ခံခဲ့ရပြီး သူကတော့ နေပြန်ကောင်းလာခဲ့ပါတယ်။ မိခင်ဖြစ်သူကတော့ သူမရဲ့မွေးရပ်မြေဇာတိဖြစ်တဲ့ San Francisco က Mission-Bernal campus of California Pacific Medical Center မှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သေဆုံးချိန်မှာတော့ Ms.Louie ဟာ အသက်၆၀နှစ်ရှိနေပါပြီ။  “အမေ ခွေးတွေကို ဘယ်လောက်တောင် ကယ်ခဲ့လဲတော့ အတိအကျမသိဘူးဗျ။ ခွေးကောင်ရေ ထောင်ချီရှိနိုင်တယ်။” လို့ Andrew က ပြောပြခဲ့ပါသေးတယ်။

READ
ပါဝါရိန်းဂျား အနီကောင် အဖြစ်သရုပ်ဆောင်ခဲ့သူ မီဒီနာ အခန်းဖော်ကို သတ်မှုကြောင့် ထောင်ကျခဲ့

ShweMom

SHARE