ဧဝရက်တောင်ပေါ်က သုံးတန်အလေးချိန်ရှိ ကမ္ဘာ့အမြင့်ဆုံး အမှိုက်ပုံကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့

နီပေါလ်အစိုးရဟာ ကမ္ဘာ့အမြင့်ဆုံး အမှိုက်ပုံလို့တင်စားကြတဲ့ ဧဝရက်တောင်ပေါ်က အမှိုက်ပုံတွေကို ဖယ်ရှားရှင်းလင်းဖို့နဲ့၊ ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်းကို ထိန်းသိမ်းဖို့အတွက် စီမံကိန်းတွေ ချမှတ်ခဲ့ပါတယ်။ အစိုးရအဖွဲ့ဟာ ယခုလမှာ ဧဝရက်တောင် ဝန်းကျင်မှာရှိတဲ့ အမှိုက်တန်ချိန် (၁၀)တန်ကျော်အထိ ဖယ်ရှားနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

အခုဆိုရင် တောင်ပေါ်မှာ တောင်တက်သမားတွေ စည်းကမ်းမဲ့ စွန့်ပစ်ခဲ့တဲ့ အမှိုက်တွေ၊ အသုံးဆောင်ပစ္စည်းတွေ၊ အညစ်အကျေးကို ဖယ်ရှားရှင်းလင်းခဲ့ရာ တန်ချိန်အားဖြင့် သုံးတန်အထိ ရှိခဲ့ကြောင်း သိရပါတယ်။ ဒီအမှိုက်တွေထဲမှာ ရွက်ဖျင်တဲတွေ၊ ဂက်စ်အိုးတွေ၊ လူတို့ အသုံးအဆောင် ပရိဘောဂတွေ ပါဝင်ပါတယ်။

AFP

တစ်ချို့နေရာတွေမှာ လူတွေရဲ့အညစ်အကျေးတွေလည်း ပါဝင်နေပြီး၊ လက်ရှိအချိန်ထိတော့ လူအလောင်း (၄)လောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ နီပေါလ်တပ်မတော်ရဲ့ ဟယ်လီကော်ပတာတွေက အဖွဲ့(၁၄)ဖွဲ့က ရှာဖွေထားတဲ့ အမှိုက်တွေကို သယ်ဆောင်ကူညီပေးခဲ့ပြီး၊ ရှင်းလင်းရေး လုပ်ခဲ့ရတာလို့ သိရပါတယ်။

တောင်ရဲ့ပတ်ဝန်းကျင်မှာ တောင်တက်သမားတွေ ဆောက်လုပ်ခဲ့တဲ့ တဲတွေ၊ စွန့်ပစ်ခဲ့တဲ့ ရွက်ဖျင်တဲ၊ မိုးကာ၊ ပလက်စတစ်နဲ့ အခြားအသုံးဆောင်တွေဟာ တောင်ရဲ့ သဘာဝပတ်ဝန်းကျင်ကို အတော်လေး ညစ်နွမ်းစေပါတယ်။

သတင်းမီဒီယာတွေထက်မှာလည်း တောင်တက်သမားတွေရဲ့ စည်းကမ်းမဲ့မှုတွေကို ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပေမယ့် အမှိုက်စွန့်ပစ်မှုကတော့ အခုအချိန်ထိ ရှိနေဆဲပါ။ လက်ရှိအချိန်ထိတော့ ဒေသခံတာဝန်ရှိသူတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ အစိုးရအဖွဲ့တွေဟာ ဟိမဝန္တာသန့်ရှင်းသာယာရေးအတွက် ကြိုးစားသန့်ရှင်းနေကြပါတယ်။

AFP
AFP

အခုလှုပ်ရှားမှုဟာ Sagarmatha Cleaning Campaign အောက်မှာ လှုပ်ရှားနေကြတာဖြစ်ပြီး CGTN ရဲ့ သတင်းတစ်ပုဒ်မှာတော့ သန့်ရှင်းရေးအဖွဲ့ဟာ တန်ချိန် (၂၇)တန်အထိရှိတဲ့ အမှိုက်တွေကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီလို့ သိရပါတယ်။ ဒါပေမယ့် ရှင်းလင်းဖို့ တန်ချိန်များစွာသော အမှိုက်တွေလည်း ကျန်ရှိနေပါသေးတယ်။

 

READ
လောကကြီးဟာ အံ့သြစရာတွေနဲ့ ပြည့်နှက်နေကြောင်း သက်သေပြနေတဲ့ဓာတ်ပုံများ

လင်းဇော်ကို (Shwemom)

Source : thesun.co.uk

SHARE