တော်ရုံသတ္တိနဲ့ဖြတ်ဖို့ခက်တဲ့ ပေ(၅၀၀)အမြင့်က ကြောက်စရာအကောင်းဆုံးတံတား

Youtube

တရုတ်နိုင်ငံ၊ ချောင်နင်းပြည်နယ်အတွင်းမှာရှိတဲ့ ၀မ်ရှန်းဥယျာဉ်မိုးမျှော်တံတား ဟာ စပြီး ဖွင့်လှစ်လိုက်တဲ့အချိန်ကတည်းက နာမည်ကြီးနေခဲ့တာပါ။

ဥယျာဉ်ရဲ့တာဝန်ရှိသူတွေက အောက်ဖက်ကို ထွင်းဖောက်မြင်ရတဲ့မှန်တံတား တစ်ခုကို ဆောက်လုပ်ခဲ့တာဖြစ်ပြီး အဲဒီ မှန်တံတားရဲ့ဘေးမှာမှ အသည်းယားစရာ တံတားတစ်ခုကို ထပ်မံ ဖန်တီးလိုက်ပြန်တာပါ။

တစ်ပေအရွယ်ဝန်းကျင် သစ်သားတုံးတွေနဲ့ ဖန်တီးထားတဲ့ အဲဒီ တံတားပေါ်မှာ လမ်းလျှောက်သူတွေဟာ အောက်ဖက်ကို မြင်နေရတာဖြစ်ပြီး ဟန်ချက်လေး နည်းနည်းလွဲသွားတာနဲ့ ပြုတ်ကျတော့မယ်ဆိုတဲ့ ခံစားချက်မျိုးကို ရစေတာပါ။

တံတားပေါ် လမ်းလျှောက်သူတွေအတွက် အသက်ကယ်ကြိုးကို နောက်ကျောဖက်မှာ ချိတ်ပေးထားပေမယ့်လည်း ဒီတံတားပေါ် လမ်းလျှောက်ဖို့ ကြိုးစားသူတွေကတော့ ကြောက်ရွံ့စိတ်အပြည့်နဲ့ လျှောက်နေကြရတာပါပဲ။

ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ ဒီတံတားနဲ့ပတ်သက်ပြီး မှတ်ချက်တွေက အစုံပါ။ တချို့က အဲဒီတံတားပေါ်ကို ပိုက်ဆံဘယ်လောက်ပေးပေး မလျှောက်ဘူးဆိုတဲ့လူတွေ ရှိကြသလို၊ တချို့ကလည်း စွန့်စားမှုကို ကြိုက်တယ်ဆိုရင် အဲဒီ တံတားဆီ သွားပြီး လမ်းလျှောက်ကြဖို့ တိုက်တွန်းနေတာပါ။

READ
ဆိုရှယ်မီဒီယာပေါ်က လူကြိုက်များတဲ့ဓာတ်များတွေရဲ့ နောက်ကွယ်ကအမှန်တရား

Youtube ဗီဒီယို တစ်ခုမှာ တွေ့ရတာကတော့ တံတားပေါ်ကို လျှောက်တဲ့ မိန်းကလေးတွေဟာ တည်ငြိမ်နေသလောက် ယောင်္ကျားလေးတွေ လျှောက်ကြတဲ့အချိန်မှာတော့ ဒူးတွေတုန်နေပြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ဖို့ တော်တော်လေး အားယူနေရတာကို တွေ့ရမှာပါ။

ပေ(၅၀၀) အမြင့်ရှိတဲ့အပြင်၊ အောက်ခြေကို လှမ်းမြင်နေရတဲ့အနေအထား၊ လေထဲမှာ ဟန်ချက်ညီအောင် ထိန်းနေရတဲ့အနေအထားတွေက ဒီတံတားကို ပိုမိုကြောက်ဖို့ကောင်းစေပြီး ကမ္ဘာ့ကြောက်စရာအကောင်းဆုံး တံတားလို့တောင် တင်စားနေကြပါတယ်။

ကဲ…သင်ဆိုရင်ရော အဲဒီ တံတားပေါ် ဖြတ်လျှောက်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား…။

Linn

 

SHARE