တီဗီရှိုးကြည့်ရင်း ဖခင်ဖြစ်သူနဲ့ စကားလက်ဆုံကျနေတဲ့ ကလေးငယ်လေး

ကလေးငယ်တွေဟာ လူကြီးတွေကို အတုခိုးတတ်ကြပါတယ်။ လူကြီးတွေ ပြောသလို စကားလိုက်ပြောတတ်ကြသလို တစ်ခါတစ်လေ လူကြီးတွေပြောစကားကို လုံးစေ့ပတ်စေ့နားမလည်ရင်တောင် သံယောင်လိုက်ပြီး ပြောတတ်တဲ့ စွမ်းရည်လေးတွေ ရှိကြပါတယ်။ သူတို့လေးတွေနဲ့ စကားပြောရတာ စိတ်ဝင်စားစရာကောင်းသလို သူတို့ရဲ့တစ်ဖက်သားစကားကို နားလည်အောင် လက်ခံသင်ယူနိုင်စွမ်းဟာ လူကြီးတွေထက်တောင် မြင့်နေနိုင်ပါသေးတယ်။

အောက်ဘက်မှာတော့ insider ကနေ တွေ့ရှိရတဲ့ သားအဖနှစ်ယောက် စကားပြောနေကြပုံ ဗီဒီယိုဖိုင်လေး ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ ကလေးငယ်လေးတစ်ယောက်ဟာ ဖခင်ဖြစ်သူနဲ့ အလျဉ်းသင့်သလို စကားပြောနေတာပါ။ ဖခင်ရဲ့ ပြောစကားကို စိတ်ဝင်တစားနဲ့ နားထောင်ပြီး သူကလည်း သူပြောတတ်သလို အဖေကို စကားပြန်ပြောနေတာပါ။ သားအဖနှစ်ယောက်ဟာ တီဗီအစီအစဉ်ရှိုးတစ်ခုကို ကြည့်ရင်း အခုလို အမြင်ဖလှယ်နေကြတာ ဖြစ်ပါတယ်။

ချစ်စရာအမူအရာလေးနဲ့ ကလေးလေးဟာ ဖခင်က စကားပြောတဲ့အခါတိုင်း မျက်လုံးလေးပြူး၊ နားလေးစိုက်ပြီး နေပါတယ်။ သူ့အလှည့်ကျပြန်တော့ တီဗီကို လက်ညှိုးထိုးပြီး ခြေခါခါ လက်ခါခါ၊ မျက်လုံးမျက်စနဲ့ အဖေကို ပြန်ပြောနေတာပါ။ သားအဖနှစ်ယောက် တစ်ယောက်တစ်ခွန်းနဲ့ အပြန်အလှန်စကားပြောနေကြတာ အတော့်ကို ဟုတ်နေတာပါပဲ။

READ
ကလေးဘ၀က အိပ်မက်အတိုင်း မင်္ဂလာပွဲကို အကောင်အထည်ဖော်ခဲ့တဲ့ သတို့သမီး

ကြည်နူးဖွယ် သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးဟာ အခုဆိုရင် အကြိမ်ပေါင်း (၃၁) သန်းကြည့်ရှုခံရပြီ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကို မိခင်ဖြစ်သူက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုအစမှာတော့ ဖခင်ဖြစ်သူက ကလေးကို တီဗီမှာပြနေတဲ့ အစီအစဉ်ကို နားလည်လားလို့ မေးပါတယ်။ ဒါပေမယ့် ကလေးက နားမလည်ဘူးဆိုတဲ့ အမူအရာလေးနဲ့ ဟင့်အင်းပြောပြီး ခေါင်းခါပြလိုက်ပါတယ်။ အဲဒီကနေ စပြီး သားအဖနှစ်ယောက် စကားတွေပြောလိုက်ကြတာ မမောမပန်းနိုင်အောင်ပါပဲ။ သားအဖနှစ်ယောက်ရဲ့ စကားလက်ဆုံကျနေတဲ့ ဗီဒီယိုဖိုင်လေးကို အခုလို ချစ်စဖွယ် တွေ့ရမှာပါ။

လင်းလင်း (ShweMom)

SHARE