ဘ၀ရဲ့ စံပြသူရဲကောင်းဟာ မိခင်ဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့တဲ့ နာမည်ကျော် ဘောလုံးသမား

Twitter/TroyDeeny

လက်ရှိအချိန်မှာ အသက်(၃၁)နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ ဝက်ဖို့ဒ်အသင်းရဲ့ ကပ္ပတိန် ထရွိုင်ဒီနီကတော့ သူ့ဘဝမှာ စံပြသူရဲကောင်းက မိခင်ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်သော်လည်း သူရဲ့ ဟီးရိုးဟာ ပီလီ၊ မက်ဆီ၊ ရော်နယ်ဒိုတို့ မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။

ထရွိုင်က သူ့ရဲ့မိခင်ဟာ မိသားစုအတွက် “စစ်သားကောင်းတစ်ယောက် ဖြစ်သလို၊ ကယ်တင်ရှင် နတ်သမီးလည်း ဖြစ်တယ်”လို့ အမွှမ်းတင်ခဲ့ပါတယ်။ သူတို့ငယ်စဉ်က သာမန်မိသားစုလေးဘဝမှာ ရုန်းကန်ခဲ့ရပြီး၊ မိခင် အီမာဒီနီကပဲ မိသားစုအတွက် ဦးဆောင်ရုန်းကန်ခဲ့တာလို့ ဆိုပါတယ်။

 

ကလေးတွေကို လူလားမြောက်ဖို့၊ သူများနဲ့ တန်းမတူတောင် အောက်ကျနောက်ကျ မနိုင်ဖို့ မိခင် အီမာကပဲ ဦးဆောင်ရုန်းကန်ခဲ့တာလို့ ဆိုပါတယ်။ သူမဟာ အလုပ်(၃)ခုအထိ ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး ကလေးတွေကို ရှာဖွေကျွေးမွေးခဲ့တာပါ။ ဒီအတွကပ် ထရွိုင်က သူရဲ့မိခင်ကို စစ်သားကြီးလို၊ ဒါမှမဟုတ် နတ်သမီးတစ်ဦးလို တင်စားထားတာ မမှားပါဘူး။

ထရွိုင်က The Sun သတင်းစာနဲ့တွေ့ဆုံစဉ်မှာ “ လူတွေက ပြောကြတယ် … လူ (၆၀၀၀၀)လောက်ရဲ့ရှေ့မှာ ကစားရတာဟာ အရမ်းလည်း ခက်ခဲမယ် … ဖိအားတွေလည်း အလွန်များမယ်ပေါ့ … ကျွန်တော် အမြဲပြန်ပြောလေ့ရှိတယ် … ‘အဲဒါ တကယ် မဟုတ်သေးပါဘူး…ဘောလုံးကစားတယ်ဆိုတာ ငွေတွေ အမြောက်အများရှာဖို့ကလွဲပြီး ခက်ခဲတယ်လို့ မဆိုလိုပါဘူး …  ’”

“ ဒါပေမယ့် အလုပ်သုံးခုကိုလုပ်ပြီး ကလေးတွေကို မြေတောင်မြှောက်ပေးရတဲ့အလုပ်က … ဒါက ကျွန်တော့်အမေ လုပ်ခဲ့တဲ့အရာ … ဒါကိုပဲ ခက်ခဲတယ်လို့ ခေါ်ပါတယ် … ”လို့ ပြောခဲ့ပါတယ်။ ပရီးမီယားလိဂ်ကစားသမားတွေဟာ တစ်စုံတစ်ယောက်ကို တခမ်းတနား ချီးမွှမ်းခန်းဖွင့်တဲ့အပိုင်းမှာ သိပ်ပြီး ကဗျာမဆန်ကြပါဘူး။

ဒါပေမယ့် ထရွိုင်ကတော့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မိခင်များနေ့အထိမ်းအမှတ်မတိုင်မီမှာ မိခင်အတွက် ရည်စူးပြီး ရုပ်သံဖန်တီးထားတဲ့ ကဗျာတစ်ပုဒ်ကို လက်ဆောင်အဖြစ် ပို့ပေးခဲ့ပါတယ်။ ထရွိုင်ဟာ ဒီလိုနှစ်လိုဖွယ်ကောင်းတဲ့ ကဗျာလေးကို သူ့ရဲ့ဆိုရှယ်မီဒီယာချန်နယ်ကနေ အများပြည်သူသိအောင် ပြသခဲ့ပါတယ်။ ကဗျာလေးရဲ့ အသံထွက်ရွတ်ဆိုရန် ကြာချိန်ဟာ အချိန်(၃)မိနစ်သာ ရှိပါတယ်။

 

ကဗျာထဲမှာ မိခင်ရဲ့ သတ္တိရှိပုံ၊ သားဖြစ်သူရဲ့ဘဝမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရချိန်မှာ အားပေးနှစ်သိမ့်ပုံတွေကို ဂုဏ်ပြုဖော်ပြထားပါတယ်။ ထရွိုင်က “ သူမက ကျွန်တော့်ကို … ဘယ်လိုအခက်အခဲဘဲဖြစ်ဖြစ် ဒူးထောက်အရှုံူးပေးခြင်းမပြုဖို့ သင်ပေးခဲ့ပါတယ် ”လို့ ပြောပါတယ်။ ယနေ့ထရွိုင်ဟာ ယခင်တုန်းက အလွန်ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရသူပါ။

သူဟာ အသက်(၁၄)နှစ်မှာ ကျောင်းကထုတ်ခံရပါတယ်။ သူဟာ အရက်စွဲဝေဒနာနဲ့၊ လောင်းကစား ပြဿနာတွေတွေကြား နွံနစ်ခဲ့သူဖြစ်ပြီး၊ အဆိုးဆုံးကတော့ (၂၀၁၂)ခုနှစ် သူ ဘောလုံးလောကမှာ ထွန်းတောက်လို့ကောင်းနေချိန်၊ နိုက်ကလပ်တစ်ခုမှာ စကားများခဲ့ရာက ကျောင်းသားတစ်ယောက်ကို ထိုးကြိတ်ကန်ကျောက်ခဲ့လို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ဒီလို အကြီးအကျယ် ခက်ခဲတဲ့အချိန်မှာ ထရွိုင်ဟာ မိခင်ကိုရည်စူးပြီး ကဗျာဆရာ Casey Bailey ရဲ့စကားကို အသုံးပြုကာ “ ဘဝမှာ မိုးတွေ တသည်းသည်းတထန်ထန် ရွာချိန် … အမေဟာ ကျွန်တော့်ဘဝရဲ့ တစ်ခုတည်းသော နေအလင်းတန်းပါ … ဘဝခရီးတစ်ခု အစခရီးကနေ မှီခိုအားထားရာဟာ အမေပဲ ရှိပါတယ် ”လို့ ဆိုပါတယ်။

သူ အထဲမှာရှိနေချိန် ထရွိုင်ဟာ ထောင်ဝင်စာလာတွေ့ဖို့ မိခင်တစ်ယောက်ပဲ ခွင့်ပြုတယ်လို့ သိရပါတယ်။ ဒါဟာ မိခင်ရဲ့ ဂုဏ်ကျေးဇူးကို သူ အထဲရောက်နေချိန်တောင် သိခဲ့တယ်ဆိုတဲ့သဘောပါ။ သူ အားငယ်နေချိန်မှာ မိခင်က အားပေးတာကိုပဲ သူ ခံယူချင်ပုံလည်း ရပါတယ်။ မိခင်ရဲ့ အားပေးစကားဟာ သူ့အတွက်တော့ အားဆေးတွေလည်း ဖြစ်ပါတယ်။

 

သူဟာ ထောင်ထဲမှာ (၃)လပဲ နေခဲ့ရပါတယ်။ သူက “ အဲဒီတုန်းက အမေ့ဆီကို အပတ်တိုင်းပဲ ဖုန်းခေါ်ဖြစ်တယ် .. ဒါပေမယ့် ကျွန်တော်က ဒါကို တစ်ယောက်တည်းပဲ ဖြတ်ကျော်ချင်ခဲ့တာ … ကျွန်တော့် အမေ့ကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့မိတယ်လို့ ခံစားရတယ် … ကျွန်တော် ဝက်ဖိုဒ့်ကို ပြန်ရောက်တော့ ဒါကို အလုပ်ဖြစ်အောင်လုပ်ဖို့လိုတယ်လို့ သိခဲ့တယ် .. ”

“ အမေ ကျွန်တော့်ကို အပ်နှင်းခဲ့တဲ့ အလုပ်ကျင့်ဝတ်တွေအရ ကျွန်တော် တော်တော်များများကို ပြောင်းလဲနိုင်ခဲ့တယ် … ကျွန်တော်က သူမကို ဂုဏ်ယူစေချင်တယ်လေ … ”လို့ ပြောပါတယ်။ သူ ကြီးပြင်းလာခဲ့တဲ့တစ်လျှောက် မိခင်ဟာ စားပွဲပေါ်မှာ အစားအစာမပြတ်စေဖို့ များပြားလှတဲ့အလုပ်တွေ လုပ်ခဲ့ပါတယ်။ ညနေပိုင်းဆို Aldi မှာ လုပ်ပါတယ်။

စနေတနင်္ဂနွေပိတ်ရက်တွေမှာ လက်ကမ်းစာစောင်ဝေတဲ့ အလုပ်ကို လုပ်ပါတယ်။ ဒီအချိန်မှာ ထရွိုင်က သူ့ညီတွေညီမတွေကို ကျောင်းသွားကြိုရပါတယ်။ သူတို့အတွက် အစားအစာတွေ ပြင်ပေးရပါတယ်။ မိခင် ညနေပိုင်းအလုပ်က ပြန်လာတော့ သားငယ်သမီးငယ်တွေကို အားကစားကလပ်တွေကို သွားရောက်ပို့ဆောင်ပြီး၊ သူမက အဲဒီအချိန်မှာ ရတဲ့အလုပ်ကိုလုပ်ရင်း ညဘက်မှ ပြန်လာရပါတယ်။

ဒီဂုဏ်ကျေးဇူးတွေကို ထောက်ရှုပြီး ထရွိုင်က သူ့မိခင်ဟာ သူဘဝရဲ့ ဟီရိုးတစ်ယောက်ပါလို့ ပြောခဲ့တာပါ။ တကယ်တော့ လူသားတစ်ယောက်ရဲ့ဘဝမှာ အရမ်းဂုဏ်အယူရဆုံး လူပုဂ္ဂိုလ်တွေဟာ မိဘတွေပဲ ဖြစ်ပါလိမ့်မယ်။ သူတို့စိတ်ထဲမှာ သိလို့ပဲဖြစ်ဖြစ်၊ မသိလို့ပဲဖြစ်ဖြစ် စိတ်ထဲမှာ တကယ်မှီခိုခဲ့ရတဲ့ သူရဲကောင်းတွေဟာ မိဘပါဘဲ။ မိဘတွေဟာ သားသမီးတွေ ရှုံးနိမ့်ချိန်မှာ အထိရောက်ဆုံး အားပေးဖော်၊ သားသမီးတွေ အောင်မြင်ချိန်မှာ အထိုက်တန်ဆုံးသော ဝေမျှသူတွေပါဘဲ။

 

READ
ကွန်ဖူးအပြင်းအထန်လေ့ကျင့်နေတဲ့ နီပေါကဗုဒ္ဓဘာသာသီလရှင်များ

လင်းသူရိန်

SHARE