မြန်မြန်ဆန်ဆန် ငွေစုနိုင်ဖို့ အခုချက်ခြင်း ပြုပြင်လိုက်သင့်တဲ့ အလေ့အကျင့်များ

unsplash/Sabine Peters

ရေတိုကြည့်ပြီး ရှာလို့ရသမျှငွေကို ရရစားစား သုံးဖြုန်းတတ်သူတွေရှိသလို လိုအပ်တာကလွဲလို့ အခြားအပိုအကုန်မခံပဲ ခြိုးခြိုးခြံခြံနဲ့ ငွေစုတတ်သူတွေလည်း ရှိပါတယ်။ လက်တွေ့မှာတော့ သာမန်လူတန်းစားတွေအဖို့ ပိုက်ဆံစုရ သိပ်မလွယ်ပါဘူး။ လူ့အသုံးအဆောင်ပစ္စည်းအမျိုးမျိုးက နေ့တိုင်းလိုလို အသစ်တွေပေါ်လာတဲ့အပြင် လက်ထဲပိုက်ဆံရှိတာနဲ့ ကုန်စရာတွေက ဆီလိုအပေါက်ရှာပြီး ၀င်လာတတ်လို့ ငွေစုဖို့ဟာ တော်တော်လေးခက်ပါတယ်။ ဒီလိုတွေပြောလို့ စိတ်ပျက်မသွားပါနဲ့အုံး။ တစ်ခါတစ်လေ ကိုယ်ငွေမစုမိတဲ့အကြောင်းရင်းက မလိုလားအပ်ပဲ ငွေကုန်တဲ့အပြုအမူမျိုးတွေ လုပ်မိနေတာ ဖြစ်နိုင်ပါတယ်။ အောက်မှာတော့ သင့်ပိုက်ဆံအိတ်က အလွယ်တကူနဲ့ပေါက်ပြီး ပိုက်ဆံတွေ လျောမထွက်သွားဖို့အတွက် ဆင်ခြင်သင့်တဲ့ အပြအမူတွေကို brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

Gym မှာ အသင်းဝင်ထားခြင်း

Gym မှာ အသင်းဝင်မယ့်အစား အိမ်မှာလည်း အားကစားလုပ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ်နှစ်သက်တဲ့ လေ့ကျင့်ခန်းကိရိယာတစ်မျိုးမျိုးကို အိမ်မှာကစားဖို့ ၀ယ်ယူထားနိုင်ပါတယ်။ တကယ်လို့ သင်က gym မှာ ကစားမှ ကိုယ့်ကိုကိုယ် ၀ိတ်ထိန်းနိုင်မယ်ထင်ရင်တော့ gym က ပေးထားတဲ့ အခွင့်အရေးတွေကို အကုန်အသုံးပြုသင့်ပါတယ်။ နို့မို့ဆိုရင်တော့ gym membership ဖိုးနဲ့တင် စုမယ့်ပိုက်ဆံက ကုန်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

unsplash/Jacek Dylag

လျှော့ဈေးဆိုတိုင်း ၀ယ်ခြင်း

အရောင်းဆိုင်တွေက ဆိုင်ရှင်းပွဲ ပရိုမိုးရှင်း၊ ထက်ဝက်ဒစ်စကောင့်ပေးမည် စသဖြင့် နည်းအမျိုးမျိုးနဲ့ ကြေညာကြတဲ့အခါ လူတွေက စိတ်ဝင်စားကြပါတယ်။ ဥပမာ ဒီပစ္စည်းပဲ (၁၀၀) တန်ကို (၁၀၀) ဈေးနှူန်းကပ်ထားရင် ဘယ်သူမှ အရေးမစိုက်ပါဘူး။ ဒါပေမယ့် ဒီပစ္စည်းကို (၂၀၀) လို့ဈေးကပ်၊ ပြီးတော့ ဒီ(၂၀၀) ကို အမှားခြစ်၊ (၁၀၀)ပါလို့ ပြင်ရေးထားရင်တော့ လူတွေက သိပ်တန်တာပဲဆိုပြီး ၀ယ်ကြပါတယ်။ ပိုက်ဆံစုသူတွေအနေနဲ့ ဒီအချက်ကိုတော့ သတိပြုရပါမယ်။ ကိုယ်နဲ့အသုံးမ၀င်၊ အဆင်မပြေမှန်းသိပေမယ့် တန်တယ်ဆိုတာ တစ်ခုတည်းနဲ့တော့ မျက်စိစုံမှိတ်ပြီး မ၀ယ်သင့်ပါဘူး။

ထီလက်မှတ်တွေဝယ်ခြင်း

ထီလက်မှတ်တွေအများကြီးလိုက်ဝယ်ပြီး လောင်းကစားကို ၀ါသနာပါသူဆိုရင်တော့ အိတ်ထဲပိုက်ဆံမြဲမှာမဟုတ်ပါဘူး။ ကိုယ့်ကံကြမ္မာကို ဘယ်သူမှ မမြင်နိုင်တဲ့အတွက်ကြောင့် ထီလက်မှတ်ကို တစ်စောင်တစ်လေလောက် ၀ယ်ပြီး ကံစမ်းတာမျိုးကတော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့်လည်း လောဘဇောနဲ့ ထီလက်မှတ်တွေချည်း ၀ယ်ဝယ်နေတာတော့ မဖြစ်သင့်ပါဘူး။ စက္ကူစာရွက်ပိုင်းလေးတွေကို ငွေတွေအများကြီးနဲ့ ခဏခဏပေးဝယ်နေတာက အရမ်းဥာဏ်နည်းလွန်းရာရောက်ပါတယ်။

unsplash/stil

အပြင်စာ စားခြင်း

တကယ်လို့ သင်က အပြင်စာ ထွက်စားရတာ ကြိုက်တတ်သူဆိုရင်တော့ ကိုယ့်ကိုကိုယ် ဆင်ခြင်ဖို့ လိုနေပါပြီ။ ဥပမာ စားသောက်ဆိုင်မှာ သွားစားတဲ့အခါ သန့်ရှင်းမှူလည်း စိတ်မချရသလို တချို့ဆိုင်တွေဆိုရင် ရောင်းတဲ့ဟင်းလျာတွေက တော်တော်လေးဈေးပေးရပါတယ်။ ဒါကြောင့် အကုန်အကျလည်းသက်သာအောင်၊ စိတ်တိုင်းကျအရသာလည်း ထွက်အောင် အိမ်မှာပဲ ချက်ပြုတ်စားဖို့ ကြိုးစားကြည့်သင့်ပါတယ်။ ဒီလိုဆိုရင် မလိုအပ်ပဲ ငွေဖြုန်းမိနေတာမျိုး မရှိတော့တဲ့အတွက် ကိုယ့်ငွေကို အရေးပေါ်ကိစ္စလေးတွေမှာသုံးဖို့ စုထားနိုင်ပါတယ်။

ပစ္စည်းတွေ စွတ်ဝယ်ခြင်း

တချို့လူတွေရှိပါတယ်။ ဈေးဝယ်ရရင်ကို ပျော်နေတဲ့သူတွေပါ။ ဒီပစ္စည်းတစ်ခုကို လိုအပ်နေတာလည်း မဟုတ်၊ လိုချင်တာမျိုးလည်းမဟုတ်ပေမယ့် ၀ယ်မိနေတာမျိုးပါ။ စီးပွားရေးပညာရှင်အများစုကတော့ လူတစ်ယောက်က သူလည်း တစ်ကယ်မလိုအပ်ပါပဲနဲ့ အခုလို လိုက်ဝယ်မိနေတာမျိုးဟာ ကုန်စုံဆိုင်ကြီးတွေရဲ့ ပစ္စည်းထားသိုတဲ့ နည်းဗျူဟာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စူပါမားကတ်ကြီးတွေမှာ ဈေးဝယ်တော့မယ်ဆိုရင် ဒီပစ္စည်းတခုဝယ်လိုက်တာဟာ ယာယီပျော်ရွှင်ဖို့အတွက်ပဲလား၊ တမင်ကြီး ပိုက်ဆံဖြုန်းနေတာလားဆိုတာကို စမ်းစစ်ကြည့်သင့်ပါတယ်။

လင်းလင်း (ShweMom)

SHARE