မျက်နှာဖုံးမရှိလို့ ‘အတွင်းခံဘောင်းဘီ’ကို ခေါင်းမှာစွပ်လာရတဲ့ ဓားပြရဲ့အဖြစ်

Facebook by Moberly Police Department

ဓားပြတစ်ယောက်ဟာ အမေရိကန် Missouri က ဓာတ်ဆီအရောင်းဆိုင်တစ်ခုမှာ ဝင်ရောက်ဓားပြတိုက်စဉ် မထင်မှတ်ထားတဲ့အရာတစ်ခုကို မျက်နှာဖုံးအဖြစ် အသုံးပြုလာတာကို တွေ့ရပါတယ်။ သူရဲ့ လှုပ်ရှားမှုကို CCTV ကနေ အပြည့်အစုံ မှတ်တမ်းတင်နိုင်ခဲ့တာပါ။ သူဟာ ဓားပြထဲမှာတော့ အတော်လေး ဆင်းရဲပုံပါဘဲ။

အကြောင်းကတော့ မျက်နှာဖုံးတောင် ဝတ်စရာမရှိလို့၊ အတွင်းခံဘောင်းဘီကို ခေါင်းမာစွပ်လာခဲ့တာလို့ ယူဆရပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက်က စဉ်းစားကြည့်ရင်လည်း သူစတန့်ထွင်ပြီး ဒီဘောင်းဘီကို ဝတ်လာတာလေလား စဉ်းစားစရာပါ။ ဓားပြဟာ ကံဆိုးစွာပဲ ဘယ်သူဘယ်ဝါဆိုတာကို ရဲက အတည်ပြုနိုင်ခဲ့ပါတယ်။

သူ့အမည်ကတော့ Shawn McCormick ဖြစ်ပြီး၊ အသက်(၂၆)နှစ်ပါ။ ဓားပြတိုက်ပြီးလို့ ရက်အနည်းငယ်အကြာမှာ Moberly Police Department ရဲတပ်ဖွဲ့က Shawn ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဓားပြမှုကတော့ ဒီဇင်ဘာ(၇)ရက်နေ့တုန်းက Bratcher’s Fuel စက်သုံးဆီဆိုင်မှာ ဖြစ်ခဲ့တာပါ။ Shawn ဟာ ထိုစဉ်တုန်းက ရိုင်ဖယ်ကို အသုံးပြုပြီး ဓားပြတိုက်ခဲ့တာပါ။

သူ့ကို ဖမ်းဆီးနိုင်ဖို့ Moberly Police Department ရဲ့ တရားဝင် Facebook Page မှာ အများပြည်သူ ဝိုင်းဝန်းအကူအညီပေးကြဖို့ ကြေညာခဲ့ပါသေးတယ်။ အဆိုပါပို့စ်ဟာ ပြန်လည်မျှဝေသူ (၂၀၀၀)ကျော်ရှိခဲ့ပြီး၊ မှတ်ချက်ရေးသူပေါင်း (၇၀၀)ကျော် ရှိခဲ့ပါတယ်။

Facebook by Moberly Police Department

မှတ်ချက်ရေးသူတွေကြောင့်လည်း တရားခံကို ဖော်ထုတ်ရာမှာ အတော်လေး အသုံးတည့်ခဲ့ပါသတဲ့။ ဒါကြောင့်လည်း Moberly Police Department ဟာ တရားခံကို အများပြည်သူရဲ့ အကူအညီကြောင့် ဖမ်းမိပြီဖြစ်ကြောင်း ၎င်းတို့ရဲ့ လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။

လင်းသူရိန်

SHARE