ဟောင်ကောင်ရောက်ရင် သွားသင့်တဲ့ အထူးဆန်းဆုံး နေရာ(၄) ခုအကြောင်း

ဟောင်ကောင်ဟာ အထူးအဆန်း မြင်တွေ့စရာတွေ၊ စားစရာ သောက်စရာတွေနဲ့ အသစ်အဆန်း လုပ်ကြည့်ချင်စရာတွေ ပြည့်နှက်နေတဲ့ နေရာပါ။ မဆုံးနိုင်အောင်ရှိနေတဲ့ မိုးမျှော်အထပ်မြင့်တိုက်တွေရဲ့ အလှအပနဲ့ ဟောင်ကောင်ဟာ သာမန်ရိုးကျ မြို့ကြီးပြကြီးတွေကနေ ကွဲထွက်ပြီး အရှေ့တိုင်းနဲ့ အနောက်တိုင်းနှစ်ခုစလုံးရဲ့ အငွေ့အသက်တွေ ရောပြွန်းနေပါတယ်။ အောက်ဘက်မှာတော့ ဟောင်ကောင်ရောက်ရင် သွားကြည့်သင့်တဲ့ ထူးထူးဆန်းဆန်း နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Ikari Area

instagram

Ikari ဟာ ဂျပန်အခေါ်အဝေါ်နဲ့ဆိုရင် ဒေါသလို့ အမည်ရပါတယ်။ ဒီနေရာလေးက လူတွေအတွက် အမျက်ဖြေတဲ့နေရာလေးပါ။ စိတ်ထဲမှာ မွန်းကြပ်လွန်းလို့ ပေါက်ကွဲပစ်ချင်တယ်ဆိုတဲ့ လူတွေအတွက် အန္တရာယ်ကင်းကင်းနဲ့ စိတ်ထွက်ပေါက်ရစေမယ့် နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီရောက်သွားရင် ဆိုင်ဝန်ထမ်းတွေက ဘေ့စ်ဘောတုတ်တစ်ချောင်း လက်ထဲပေးပါလိမ့်မယ်။ အဲဒီတုတ်နဲ့ ဆိုင်ကပေးတဲ့ အခန်းထဲ တွေ့သမျှ အ၀တ်လျှော်စက်၊ အသုံးအဆောင်၊ တီဗီ၊ ရေခဲသေတ္တာတွေကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် စိတ်ရှိလက်ရှိ ရိုက်ခွဲပစ်နိုင်ပါတယ်။ သေချာပေါက်ကို စိတ်ဖိအားတွေ အဝေးဆုံးရောက်သွားစေနိုင်တဲ့ ၀န်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ လိပ်စာကတော့ 16–18 Hing Yip Street, Kwun Tong, Hong Kong ဖြစ်ပါတယ်။

Chungking Mansions

instagram

ဟောင်ကောင်မှာ လူမျိုးပေါင်းများစွာတို့ရဲ့ ယဉ်ကျေးမှုတွေကို ရောနှောပေါင်းစပ်ထားတဲ့ နေရာကို ပြပါဆိုရင် Chungking Mansions ကို ပြရမှာပါ။ ထိုနေရာကို “ghetto”, “jungle”, “Little United Nations” စသဖြင့် ခေါ်ကြပါတယ်။ တန်းလျားပုံစံ အဆောက်အဦးကြီး(၅)ခု ဆက်ထားတဲ့ ထိုနေရာမှာ စားသောက်ဆိုင်၊ ဈေးဆိုင်နဲ့ တည်းခိုခန်းတွေအဆုံး အကုန်ရှိပါတယ်။ ထိုနေရာက အဆောက်အဦးတွေကလည်း တည်းခိုရတာ ဈေးသက်သာတာကြောင့် ခြိုးခြိုးခြံခြံနဲ့ ဟောင်ကောင်လာလည်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ ထင်ရှားပါတယ်။ ဒါပေမယ့် လူမျိုးစုံ၊ စရိုက်မျိုးစုံဖြစ်တာကြောင့် ရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့ နာမည်ရှိပြီး စီစီတီဗီပေါင်း ရာနဲ့ချီပြီး တပ်ထားတာကိုလည်း မြင်ရမှာပါ။ နေရာကတော့ 36–44 Nathan Road, Tsim Sha Tsui, Hong Kong ဖြစ်ပါတယ်။

READ
မော်လ်ဒိုက်ဗ်နိုင်ငံမှာ ဖွင့်လှစ်တော့မယ့် ကမ္ဘာ့ပထမဆုံး ရေအောက်ဟိုတယ်

Mingle Farm

instagram

တကယ်လို့ ဟောင်ကောင်က မိုးမျှော်တိုက်ကြီးတွေကြား လျှောက်သွားရတာ ငြီးငွေ့နေပြီဆိုရင်တော့ မြို့ပြင်မှာရှိတဲ့ Mingle Farm ကို သွားလည်ကြည့်သင့်ပါတယ်။ Mingle Farm မှာတော့ လေမှုတ်သွင်းထားတဲ့ ဘောလုံးကြီးတွေ ရှိပါတယ်။ ဘောလုံးကြီးတွေက တစ်ခုလုံး ထုတ်ချင်းဖောက်မြင်နိုင်တဲ့ ဘောလုံးတွေရှိသလို တစ်ဝက်တစ်ပျက်ပဲ ထုတ်ချင်းဖောက်မြင်နိုင်တဲ့ ဘောလုံးတွေလည်း ရှိပါတယ်။ တစ်ဝက်တစ်ပျက် ထုတ်ချင်းဖောက်မြင်နိုင်တဲ့ ဘောလုံးကြီးတွေကတော့ အကောင်းဆုံးဖြစ်ပြီး ညဘက် ကြယ်တွေကြည့်ရင်း အေးချမ်းဆိတ်ငြိမ်စွာ အနားယူအိပ်စက်နိုင်မှာ ဖြစ်ပါတယ်။ နေရာကတော့ 30 Fung Ka Wai, Tin Tsz Road, Tin Shui Wai, Hong Kong မှာဖြစ်ပါတယ်။

Waterfall Bay Park

instagram

ဟောင်ကောင်နေပြည်သူအများစုက သူတို့ကိုးကွယ်တဲ့ နတ်ရုပ်တွေကို မဆင်မခြင်လွှတ်ပစ်ရင် ခိုက်တယ်လို့ အယူရှိပါတယ်။ ဒါကြောင့် အရုပ်တွေ ပျက်စီးရင် အမှိုက်ပုံးတွေထဲ စွန့်ပစ်မယ့်အစား လမ်းဘေးတွေ၊ အများပိုင်နေရာတွေမှာ လွှင့်ပစ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နတ်ရုပ်တွေကို ကိုးကွယ်မယ့်သူ တစ်ဦးဦးက တွေ့ပြီး ယူသွားနိုင်အောင်ပါ။ ဒီလိုမျိုးစွန့်ပစ်ထားတဲ့ နတ်ရုပ်တွေကို ရာနဲ့ချီပြီး တွေ့နိုင်မယ့်နေရာကတော့ Waterfall Bay Park ပါ။ အရုပ်တွေကို Wong Wing-Pong အမည်ရတဲ့ အမျိုးသားကြီးက လမ်းတွေမှာ လိုက်ပြီး ရှာဖွေ ကောက်ယူထားတာပါ။ ပြီးနောက် ပြန်လည်ပြုပြင်ပြီး တောင်ကုန်းလေးထက်မှာ နေရာတကျနဲ့ ထားထားပါတယ်။ သွားကြည့်ချင်ရင်တော့ 8 Waterfall Bay Road, Waterfall Bay, Hong Kong မှာဖြစ်ကြောင်း သိရပါတယ်။

READ
ကမ္ဘာလှည့်ခရီးသည်များကိုဆွဲဆောင်နိုင်သော ထူးထူးခြားခြားနေရာများ

လင်းလင်း (ShweMom)

Ref: awol

SHARE