ပရိတ်သတ်ကြီးတော့မသိဘူး ကျွန်တော်ကတော့ ဘွဲ့လေးတစ်ခုရဖို့ စာလုပ်ရတာတောင် ဦးနှောက်ပျက်တော့မလားမှတ်ရတယ်။ အခု အင်ဒိုနီးရှားက အမျိုးသားတစ်ယောက်ကတော့ ဘွဲ့ပေါင်း ၃၀ ကျော်ကို ပိုင်ထားသတဲ့ဗျာ။
သူ့နာမည်ကတော့ Welin Kusuma ပါတဲ့။ အသက် ၃၉ နှစ်ရှိလို့နေပါပြီ။ အသက် ၃၉ နှစ်မှာတောင် သူဟာ ဘွဲ့ပေါင်း ၃၂ ဘွဲ့ကိုပိုင်ဆိုင်နေခဲ့ပြီလို့ Mashable SE Asia မှာ ဖတ်လိုက်ရပါတယ်။ သာမန် ကျွန်တော်တို့ဆိုရင် ဘွဲ့အလွန်ဆုံးက ၃၊ ၄ ခုပေါ့။

Welin Kusuma ရဲ့ပညာရေးလမ်းကြောင်းကို ပြန်လှန်ကြည့်ရမယ်ဆိုရင် သူဟာ ၁၉၉၉ ခုနှစ် အသက် ၁၈ နှစ်မှာပဲ အင်ဂျင်နီယာနယ်ပယ်မှာ ဒီဂရီတစ်ခုရသွားခဲ့ပါတယ်။ အဲဒီကနေစလိုက်တာ အင်ဂျင်နီယာပိုင်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာတွေနဲ့ တခြားကဏ္ဍတချို့မှာပါ ဘွဲ့တွေ ပတ်ယူလာခဲ့ရာ အခုလိုမျိုး ပုံအောသွားခဲ့တာပါတဲ့။
သူရထားတဲ့ဘွဲ့တွေထဲမှာ bachelor ဒီဂရီဘွဲ့ပေါင်း ၁၁ ခု၊ မာစတာဘွဲ့ ၃ ခုနဲ့ တခြား ၁၈ ခုတို့ကတော့ အတတ်ပညာပိုင်ဆိုင်ရာ အသိအမှတ်ပြုဘွဲ့လက်မှတ်တွေပဲဖြစ်ပါတယ်။ ဒီတော့ ဒီမှာလို မင်္ဂလာဆောင်တို့ဘာတို့မှာဆိုရင် သူ့နာမည်မှာ “Welin Kusuma, S.T., S.E., S.Sos., S.H, S.Kom., S.S., S.Ap., S.Stat., S.Akt., S.I.Kom., S.I.P., M.T., M.S.M., M.Kn., RFP-I, CPBD, CPPM, CFP, Aff.WM, BKP, QWP, CPHR, ICPM, AEPP, CBA, CMA, CPMA, CIBA, CBV, CERA, CSA, ACPA” ဆိုပြီး တသီတတန်းကြီးတပ်ရမှာပါပဲ။


သူ့ရဲ့အားလပ်ချိန်တိုင်း စာသင်ခြင်းနဲ့ စာလုပ်ခြင်းကိုပဲပေးထားနေတာဖြစ်ပြီး အပြင်မှာလည်း စာသင်သလို အွန်လိုင်းမှာလည်း ပြိုင်ပြီး ကျောင်းတွေတက်တဲ့အတွက်ကြောင့် အခုလို မြန်မြန်လေးနဲ့ ဘွဲ့တွေအများကြီးရခဲ့တာလို့လည်း သူကပြောခဲ့ပါတယ်။ စနေ၊ တနင်္ဂနွေတောင် အပြင်မထွက်ဖြစ်ပါဘူးတဲ့လေ။
ဒီလိုအကျိုးတွေကြောင့်ပဲလားမသိဘူး Welin Kusuma ကို အင်ဒိုနီးရှားအစိုးရကနေပြီး အသိအမှတ်ပြုတဲ့ဂုဏ်ထူးဆောင်ဘွဲ့ကိုပေးအပ်ခဲ့ပါတယ်။ ဘွဲ့အများဆုံးရခဲ့သူအဖြစ် ၂၀၁၂ ခုနှစ်တုန်းက Indonesian Record Museum (MURI) ကပါ။ အခုဆိုသူ့မှာ Wikipedia page တောင် ရှိနေပါပြီတဲ့။

penny