အသက်ဘေးနဲ့ (၁၀)ကြိမ်အထိ ရင်ဆိုင်ခဲ့ရပေမယ့်၊ ကံကောင်းလို့မသေတဲ့ သံချောင်းတို့အဖေ

Twitter/WesGrant

ဗြိတိန်တော်ဝင်ရေတပ်မှ တပ်သားဟောင်းတစ်ဦးဖြစ်တဲ့ Wes Grant အမည်ရ အမျိုးသားဟာ အသက်ဘေးနဲ့ ဆယ်ကြိမ်အထိ ရင်ဆိုင်ခဲ့ရပေမယ့် အသက်မသေခဲ့တဲ့ ကမ္ဘာ့ကံအကောင်းဆုံးလူသားလို့တောင် ပြောလို့ရပါတယ်။ သူဟာ ရေတပ် တိုက်ခိုက်ရေးတပ်သားတစ်ဦးဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အသက်(၃၇)နှစ်ရှိနေပြီဖြစ်တဲ့ Grant ဟာ တစ်ခြားဘေးအန္တရာယ်တွေဖြစ်တဲ့ ကားအလုခံရခြင်း၊ ဆိုးရွားလွန်းတဲ့ စက်ဘီးတိမ်းမှောက်မှု၊ Skydiving လုပ်ရာမှာ အသုံးပြုတဲ့ ကိရိယာချို့ယွင်းခြင်း စတာတွေကိုလည်း ရင်ဆိုင်ခဲ့ရကြောင်း Metro သတင်းစာက ဖော်ပြခဲ့ပါတယ်။

 

သူဟာ အာဖဂန်ကိုသွားတဲ့ ခရီးစဉ်နှစ်ခုမှာ တာလီဘန်တွေက ပစ်ခတ်ခဲ့လို့ သေနတ်ဒဏ်ရာတွေ ပြင်းထန်စွာ ရရှိခဲ့ပြီး၊ ပင်လယ်အတွင်း တာဝန်ထမ်းဆောင်နေစဉ်မှာလည်း ပင်လယ်ဓားပြတွေက ပစ်ခတ်တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ ရုတ်တရက်နှလုံးဖောက်ပြီး အသက်အန္တရာယ်ကြုံနေချိန်မှာလည်း ကယ်ဆယ်တဲ့လူတွေက လက်ဦးမှု ရယူနိုင်ခဲ့တာပါ။

Grant ငယ်ငယ်က မီးလောင်မှုအတွင်းမှာ ပိတ်မိခဲ့လို့၊ သေမလိုဖြစ်ခဲ့ရပေမယ့် အသက်ဘေးက အံ့အားသင့်ဖွယ်ရာ လွတ်မြောက်ခဲ့ပါတယ်။ ထိုစဉ်တုန်းက သူဟာ သတိပြန်လည်လာဖို့ ဒေါက်တာတွေက အတော်လေးကို ကြိုးစားခဲ့ရပြီး၊ အသက်ရှင်ဖို့နဲ့ သေဖို့အတွက်ကို ဒေါက်တာတွေက 50-50 လို့ သတ်မှတ်ခံခဲ့ရဖူးသည်အထိပါ။

အခုတော့ သူဟာ ပလိုင်းမောက်မြို့မှာ ဇနီးနဲ့ နေထိုင်နေပါတယ်။ ကာယဗလအပိုင်းမှာ ကမ္ဘာ့ချန်ပီယံတစ်ယောက် ဖြစ်ခဲ့ပြီး၊ ဇနီးနဲ့အတူ ကလေးနှစ်ယောက် ပိုင်ဆိုင်ထားပြီပါပြီ။ တောင်အာဖရိကမှာ နေတုန်းက ကားခိုးမယ့်လူတစ်ယောက်ရဲ့ သေနတ်နဲ့ အနီးကပ်ပစ်ခြင်း၊ Allen key နဲ့ ထိုးသွင်းခံရခြင်းတွေ ကြုံခဲ့ရသေးတယ်လို့ သူက ပြောပါတယ်။

Facebook/WesleyGrant

အသက်(၁၇)နှစ်အရွယ်မှာတော့ Grant ဟာ ကျောင်းအဝတ်လဲခန်းထဲမှာ မတော်တဆမီးလောင်ပြီး မျက်နှာတစ်ခုလုံး မီးလောင်ခံခဲ့ရပါသေးတယ်။ ထိုစဉ်ကတော့ သူက တစ်ကိုယ်လုံး ရစရာမရှိအောင် စုတ်ပြတ်သွားခဲ့ပြီး အတော်လေး နာလံထူဖို့ ကြိုးစားခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ အန္တရာယ်တွေနဲ့ ရင်နီးနေတဲ့ Grant ဟာ မီးမှုတ်စတန့်သမားအဖြစ် ရပ်တည်ခဲ့ပါသေးတယ်။ အိမ်စာရိတ်လည်း လိုအပ်နေတဲ့အတွက် သူ ငွေရှာဖို့ ကြိုးစားခဲ့တာပါ။ ဒီတစ်ခါမှာလည်း အသုံးပြုရမယ့် လောင်စာဆီခြင်း မှားယွင်းပြီး၊ မျက်နှာတစ်ခုလုံး မီးလောင်ခဲ့ရပါတယ်။

(၂၀၀၆)ခုနှစ်မှာ တောင်အာဖရိကကနေ အင်္ဂလန်ကို ပြန်ပြောင်းလာခဲ့ပါတယ်။ တော်ဝင်ရေတပ်မှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့အိတ်ကပ်ထဲမှာ ပေါင်(၁၀၀)ပဲရှိလို့ ဒီထက်ပိုဆိုးတဲ့ဘဝ မရှိနိုင်ဘူးလို့ သူက တွေးခဲ့ပါတယ်တဲ့။ (၂၀၀၉)ခုနှစ်မှာတော့ အာဖဂန်ကို အပို့ခံရပါတယ်။ စစ်မြေပြင် ဖြစ်တဲ့အတွက် ပြင်းထန်တဲ့ တိုက်ပွဲတွေကို ကြုံခဲ့ရပါတယ်။

Facebook/MattMarsh

ဘယ်လိုပဲဖြစ်ဖြစ် Grant ဟာ ဒီလို အန္တရာယ်တွေကြားကနေ ရှင်ပြန်လွတ်မြောက်လာခဲ့ပြီး အခုဆို ကာယဗလမှာ စကြဝဠာချန်ပီယံ၊ ကမ္ဘာ့ချန်ပီယံနဲ့၊ UK ချန်ပီယံဆုတွေကို ထိုက်တန်စွာ ဆွတ်ခူးထားနိုင်ခဲ့ပါပြီ။ သူ ကြုံတွေ့ခဲ့ရတဲ့ အသက်ဘေးတွေကို အနှစ်ချုပ်ပြန်ပြောရရင်-

ကျောင်းသားငယ်ဘဝမှာ – စက်ဘီးမတော်တဆဖြစ်ပြီး လမ်းမပေါ်မှာ အချိန်ကြာ သတိမေ့နေခဲ့ပါတယ်။
အသက်(၁၆)မှာ – မီးလောင်ခံရပြီး၊ လမ်းမလျှောက်နိုင်တဲ့ဘဝကနေ ရုန်းထွက်ခဲ့ရသူပါ။
အသက်(၁၇)မှာ- ကျောင်းအဝတ်လဲခန်းမှာ အနံ့သက်ပျောက်ဆေးဘူး ပေါက်ကွဲပြီး မျက်နှာတစ်ခုလုံး မီးလောင်ခံခဲ့ရပါတယ်။
အသက် (၁၈)-(၂၄)မှာ- တောင်အာဖရိကမှာ ပစ်ခတ်ခံခဲ့ရပါတယ်။
အသက် (၁၈)-(၂၄)မှာ- အဲဒီမှာ ကားသူခိုးက ရန်ပြုတိုက်ခိုက်တာကို ခံခဲ့ရပါတယ်။
အသက် (၁၈)-(၂၄)မှာ-မှာ မီးမှုတ်စတန့်သမားအဖြစ် ဘဝရပ်တည်စဉ် မီးလောင်ခံခဲ့ရပါတယ်။
Herrick 9 နဲ့ Herrick 14 စစ်ဆင်ရေးတွေမှာ အာဖဂန်ကို အပို့ခံခဲ့ရပြီး သူပုန်တွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရပါတယ်။

လင်းသူရိန်

SHARE