ဘယ်အရာတွေကြောင့် မုဒိမ်းမှုကျူးလွန်ကြတာလဲ …

ပြစ်မှုတကာ ပြစ်မှုတွေထဲမှာ မုဒိမ်းမှုဆိုတာဟာ ကြားရတာ အဆိုးရွားဆုံးနဲ့ လူမဆန်ဆုံး ပြစ်မှုတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့်လည်း နေရာအနှံ့အပြားမှာ မုဒိမ်းမှုကျူးလွန်သူတွေဟာ တစ်စထက်တစ်စ တိုးမြင့်လို့လာနေပါတယ်။ ဒီအခါမှာ စဉ်းစားသင့်တာတစ်ခုက ထိုကျူးလွန်သူတွေဟာ ဘာကြောင့် ဒီပြစ်မှုကို ကျူးလွန်ကြသလည်းဆိုတာနဲ့ ဘယ်အရာတွေက သူတို့ကို ဒီလိုကျူးလွန်ဖို့ တွန်းအားပေးနေသလည်းဆိုတာ သိရှိဖို့ လိုအပ်လာပါတယ်။ ယောက်ျားတစ်ယောက်ကို မုဒိမ်းမှု ကျူးလွန်စေဖို့ တွန်းအားပေးတဲ့အချက်တွေ များစွာ ရှိနေပါတယ်။ ဒီထဲကမှ အဖြစ်များတဲ့ အကြောင်းရင်းတွေကို သိရှိထား သလောက် ဝေမျှပေးချင်ပါတယ်။

ဖိုသဘာဝကြီးစိုးလိုစိတ်

ဒါဟာ နံပါတ်တစ် အကြောင်းပြချက် ဖြစ်ပါတယ်။ မုဒိမ်းမှုကျူးလွန်သူတွေ ဘာကြောင့် ကျူးလွန်ကြသလည်းဆိုတာ ဆန်းစစ်ကြည့်လိုက်ရင် ဖိုသဘာဝ ကြီးစိုးလိုစိတ်၊ တစ်နည်းအားဖြင့် အမျိုးသမီးတွေအပေါ်မှာ လိင်ကိစ္စအတွက်သာ အာသာဖြေဖို့ အသားပေးလိုတဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ ဒါဟာ နောက်ခံဓလေ့ထုံးတမ်းတွေနဲ့လည်း သက်ဆိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ တည်ရှိမှုနဲ့ တန်ဖိုးကို အသိအမှတ်မပြုတတ်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရပြီး အမျိုးသမီး တစ်ယောက်ကို လိင်စိတ်ဆန္ဒ ဖြည့်စွမ်းပေးနိုင်တဲ့ အဖြည့်ခံ အရုပ်တစ်ခုအဖြစ်သာ ရှုမြင်တတ်တဲ့ လှုံ့ဆော်တိုက်တွန်းမှု တွေကြားက ယောက်ျားတစ်ယောက်ဟာ အလွယ်တကူပဲ မုဒိမ်းမှု ကျူးလွန်နိုင်ပါတယ်။

ဒေါသစိတ်

သာမန်ဒေါသစိတ်တွေထက် အမျိုးသမီးများအပေါ်မှာ ပွင့်ထွက်လာတဲ့ ဒေါသစိတ်ဟာ အလွန်ကြောက်ဖို့ကောင်းပါတယ်။ ဖိုသဘာဝကြီးစိုးလိုစိတ်လိုပဲ အမျိုးသမီးများကို အမြဲတမ်း လွှမ်းမိုးချုပ်ကိုင်လိုပြီး အောင်နိုင်သူအဖြစ် ၀ံ့ကြွားလိုတဲ့စိတ်ဟာ အချို့သော ယောက်ျားတွေရဲ့ရင်ထဲမှာ နှစ်ရှည်လများ ကိန်းအောင်းနေတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများရဲ့ အရေးပါမှုနဲ့ တန်ဖိုးကို အလေးမထားတတ်ဘဲ အမျိုးသမီးများရဲ့ပန်းဦးကို အရေအတွက်များများ ခူးဆွတ်နိုင်လေ၊ သူ့ဘ၀ရဲ့ အောင်မြင်မှု ကြီးမားလာလေလို့ ခံယူထားသူအချို့မှာ လိုချင်တဲ့ အာရုံစိုက်မှုမျိုး မရရှိတဲ့အခါ ပွင့်ထွက်လာတဲ့ ဒေါသစိတ်ကြောင့် ကျူးလွန်နိုင်ပါတယ်။

ညှင်းပန်းနှိပ်စက်ခြင်းအားဖြင့် ကာမဆန္ဒသာယာမှု (Sexual Sadism)

အချို့သောယောက်ျားတွေမှာ Sexual Sadism လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတစ်ခုကို ခံစားရတတ်ပါတယ်။ ထိုဖောက်ပြန်မှုကို ခံစားရသူဟာ တစ်ဖက်သားကို ညှင်းပန်းနှိပ်စက်ခြင်း၊ ပြစ်ပြစ်နှစ်နှစ် ဆဲရေးတိုင်းထွာပြီး အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ပြုမူကျိန်ဆဲခြင်းတို့ကို ပြုလုပ်ခြင်းအားဖြင့် ကာမဆန္ဒသာယာမှုကို ရရှိကြတာမျိုး ရှိပါတယ်။ ဒီလို ကျူးလွန်သူမျိုးဟာ အခြားသောပုံစံနဲ့ ကျူးလွန်သူများထက် ပိုအန္တရာယ်ရှိပါတယ်။ ၄င်းတို့ဟာ တစ်ဖက်က ခံရသူအပေါ်မှာ ပြင်းပြင်းထန်ထန် နာကျင်မှုတွေဖြစ်အောင် ပြုလုပ်လေ့ ရှိကြပါတယ်။ သတင်းမီဒီယာတွေမှာ မကြာခဏ ကြားသိနေရ သလိုပဲ မုဒိမ်းကျင့်ရုံမက သတ်ဖြတ်သွားတာတို့၊ ရက်ရက်စက်စက် နှိပ်စက်တာတို့ဟာ ဒီလက္ခဏာကို ခံစားနေကြရသူ တွေ ဖြစ်ပါတယ်။ စိတ်ရောဂါပညာရှင်များရဲ့ ပြောဆိုချက်အရ ဒီလက္ခဏာကို ခံစားရခြင်းဟာ ဟော်မုန်းပြောင်းလဲမှု၊ မွေးရာပါဗီဇနဲ့ ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရဖူးတဲ့ ရာဇ၀င်ရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

READ
ပိုနေတဲ့ သံပယိုသီးအခွံတွေနဲ့ … ဒီလိုတွေလုပ်လို့ရပါတယ် ။

အာရုံကြောဖောက်ပြန်မှု

ဦးနှောက်နဲ့အာရုံကြော ထိခိုက်မှုနဲ့ သင်ကြားနိုင်မှုစွမ်းရည် ချို့ယွင်းမှုကို ခံစားရသူတို့ဟာ မုဒိမ်းမှု ကျူးလွန်ဖို့ အခွင့် အလမ်းများပါတယ်။ အကြမ်းဖက်မှုနဲ့ လိင်စိတ်ခံစားမှုကို ဦးနှောက်ရဲ့တစ်နေရာတည်းက တူညီစွာ ထုတ်လွှတ်တတ်ခြင်း ကြောင့် ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်အချို့က ဆိုကြပါတယ်။ အကြမ်းဖက်မှုနဲ့ လိင်အာသာဖြေမှုကို ကွဲကွဲပြားပြား မသိရှိ နိုင်တဲ့ အာရုံကြောဆိုင်ရာ၊ ဟော်မုန်းဖောက်ပြန်မှုများကြောင့် ဖြစ်နိုင်တယ်လို့ ပညာရှင်များက ဆိုကြပါတယ်။

သိမြင်မှုလွဲမှားခြင်း

မိန်းမတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာအရ ညှင်းပန်းနှိပ်စက်မှု မပြုသရွေ့ ထိုအမျိုးသမီးဟာ နာကျင်မှုမဖြစ်ပေါ်နိုင်ဆိုတဲ့ ယုံကြည်ချက်မျိုးကို သိမြင်ထားသူတွေဟာ မုဒိမ်းမှု အလွယ်တကူ ကျူးလွန်နိုင်ပါတယ်။ ၄င်းကဲ့သို့ လူမျိုးတွေဟာ အမျိုးသမီးတွေကို သူတို့နဲ့မတူညီဘဲ တစ်မူကွဲပြားနေတယ်လို့ ထင်မှတ်တတ်ကြပြီး လိင်ကိစ္စအသားယူ၊ အနိုင်ကျင့်မှု ပြုလုပ်လိုက်ရုံနဲ့ နာကျင်ခံခက်မဖြစ်နိုင်ဘူးလို့ ယုံကြည်ထားကြသူများ ဖြစ်ပါတယ်။

ငယ်ဘ၀နောက်ခံ

အချို့သောသူတွေမှာ ငယ်စဉ်ဘ၀က လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုခံခဲ့ရတာမျိုး၊ ဒါမှမဟုတ် မိသားစု ကြောင့်ရလာတဲ့ စိတ်ဒဏ်ရာကြောင့် အများတကာနဲ့ အဆင်ပြေအောင် နေထိုင်ဆက်ဆံဖို့ အားနည်းလာပြီး တစ်ဦးတည်း သွေဖီနေထိုင်တတ်ကြပါတယ်။ ဒါဟာ သူတို့အတွက် ကူမယ့်၊ ကယ်မယ့်သူမရှိဘဲ ကျူးလွန်ချင်ရာ ကျူးလွန်ဖို့ အခွင့်အရေး တစ်ရပ် ဖြစ်လာခဲ့ပြီး အလွန်ရိုင်းစိုင်းကြမ်းတမ်းလာတတ်ကာ လိင်စိတ်သွေဖီဖောက်ပြန်သွားတဲ့အခါမျိုးမှာတော့ မုဒိမ်းမှုကို ကျူးလွန်သွားနိုင်ပါတယ်။

READ
ကျောက်တုံးလေးတွေကို ပုံစံအမျိုးမျိုးနဲ့ ဖန်တီးထားတဲ့ ထူးခြားတဲ့ ကျောက်စီအနုပညာ

ပတ်ဝန်းကျင်လှုံ့ဆော်မှုနဲ့ ခိုင်မာတဲ့ တရားစီရင်မှု မရှိခြင်း

ပတ်ဝန်းကျင်လှုံ့ဆော်မှုကြောင့်ဆိုသည်မှာ အမျိုးသမီးတစ်ယောက်ကို မုဒိမ်းကျင့်လိုက်သော်လည်းပဲ၊ ဒါဟာ သာမန်ဖြစ်နေ ကျ ကိစ္စတစ်ရပ်လို ဘေးပတ်ဝန်းကျင်က သတ်မှတ်ထားကြခြင်း၊ ခံရသူမိန်းကလေးအပေါ်မှာ ၀ိုင်းဝန်းအပြစ်တင်ကြခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခြင်းဟာ အပြစ်မသင့်ဟု ယူဆထားကြခြင်းစတဲ့ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုတွေကြောင့် အလွယ်တကူပဲ မုဒိမ်းမှု အထမြောက်နိုင်ပါတယ်။ ပတ်ဝန်းကျင်လှုံ့ဆော်မှုထဲမှာ အများပြည်သူရှေ့ မှာတင် အမျိုးသမီးများအား နှုတ်အရသာခံ ညစ်ညမ်းစကားများ ပြောကြားခြင်း၊ လူထုဆီပျံ့နှံ့လွှမ်းမိုးနိုင်တဲ့ သီချင်း၊ဇာတ်ကားအစရှိတာတွေမှာ အမျိုးသမီးတွေအပေါ် စော်ကားမှုပြုပြခြင်း၊ ထိုသို့ကျူးလွန်ခြင်းဟာလည်း သာမန်ဖြစ် ရပ်တစ်ခုလိုပဲ သဘောထားစေခြင်းတွေပါ ပါဝင်ပါတယ်။ ဒါ့အပြင် အဆိုးရွားဆုံး တွန်းအားပေးမှုတစ်ခုကတော့ မုဒိမ်းမှုကျူးလွန်တဲ့တရားခံအပေါ် ထိရောက်တဲ့ ပြစ်ဒဏ်စီရင်ချက် မချနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ရုန့်ရင်းကြမ်းတမ်းတဲ့ ကျူးလွန်မှုမျိုးကို ပြုလုပ်လိုက်စေကာမူ မှတ်သားလောက်တဲ့ ပြစ်ဒဏ်ချမှတ်မှုမျိုးမရှိတဲ့အခါ မုဒိမ်းမှု ကျူးလွန်ရတာဟာ ထမင်းစား၊ ရေသောက်သဘောမျိုး ဖြစ်လာပါတော့တယ်။

ဒီဆောင်းပါးကို thehealthsite မှ မှီငြမ်းကာ ဆီလျော်အောင် ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE