ထောပတ်သီးနေ့တိုင်းစားပေးတဲ့အခါ ခန္ဓာကိုယ်မှာရရှိလာမယ့်ကောင်းကျိုးများ

လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကစပြီး လူတွေကြားထဲမှာထူးထူးခြားခြားခေတ်စားလာနေတဲ့ အသီးအနှံတစ်မျိုးကိုပြပါဆိုရင် ထောပတ်သီးကိုပြရမှာပါပဲ။ အရသာရှိတဲ့အပြင် ကျန်းမာရေးအတွက်အများကြီးကျေးဇူးပြုတဲ့ထောပတ်သီးကို အဆီများတဲ့အစားအသောက်တွေရဲ့ ဖြည့်စွက်အစာအဖြစ်စားသုံးသင့်ကြောင်းသိရပါတယ်။ ထောပတ်သီးမှာ ကောင်းမွန်တဲ့အာဟာရစံညွှန်းတွေပါဝင်တာကြောင့်လည်း ယနေ့ခေတ်မှာထင်ရှားတဲ့အသီးတစ်ခုဖြစ်နေတာထင်ပါတယ်။

ဝိတ်ချရာမှာအကူအညီပေးပါတယ်

Pexels

ထောပတ်သီးဟာ အခြားအသီးတွေနဲ့ယှဉ်ရင် အဆီဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမယ့်ထောပတ်သီးမှာပါဝင်တဲ့ မပြည့်ဝဆီတွေဟာ ကိုယ်ခန္ဓာအတွက်အရေးပါတဲ့အဆီတွေဖြစ်တာကြောင့် ကိုယ်အလေးချိန်လျော့ချဖို့အတွက်စားသုံးနိုင်ပါတယ်။ အမျှင်ဓာတ်များစွာလည်း ပါဝင်တဲ့အတွက်ကြောင့် ဆာလောင်မွတ်သိပ်မှုကိုချေဖျက်ပေးနိုင်ပါတယ်။

ကင်ဆာဖြစ်ပွားနှုန်းကိုလျော့ကျစေပါတယ်

Pexels

သုတေသနပြုချက်တွေအရ ထောပတ်သီးမှာ အာဟာရဓာတ်အပြည့်အ၀ပါရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် ခံတွင်း၊ ရင်သားနဲ့ ဆီးကြိတ်ကင်ဆာဖြစ်ပွားနိုင်ခြေတွေလျော့နည်းစေပါတယ်။ အရသာရှိလှတဲ့ထောပတ်သီးထဲမှာ အပင်အများစုမှာတွေ့ရတဲ့ ကျန်းမာရေးဇီဝအကျိုးပြုပစ္စည်းတွေပမာဏများစွာပါဝင်ပါတယ်။

ငယ်ရွယ်နုပျိုစေတယ်

Pexels

ထောပတ်သီးထဲမှာ ကယ်ဆီယမ်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်နဲ့ အင်တီအောက်ဆီးဒန့်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ဓာတ်တွေ ဒီလောက်အများကြီးပါဝင်မှတော့ ကျန်းမာပြီး နုပျိုတဲ့ရုပ်သွင်ကိုရရှိတာမဆန်းလှပါဘူး။ Lutein နဲ့ Zeaxanthin လိုအိုမင်းရင့်ရော်ခြင်းကိုဟန့်တားပေးတဲ့ဓာတ်တွေလည်း ထောပတ်သီးထဲမှာပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဖော်ပြထားတဲ့ဓာတ်နှစ်မျိုးက အရေပြားအတွက် သဘာဝကြားခံအဖြစ်အလုပ်လုပ်ပြီး ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်ထိတွေ့တာကိုကာကွယ်ပေးပါတယ်။

READ
ကိုယ်အလေးချိန်တိုင်းတာရာမှာ လူတိုင်းလိုလိုလုပ်မိနေတတ်တဲ့ နည်းလမ်းအမှား ၆ ခု

နှလုံးရောဂါဖြစ်ပွားနှုန်းကိုလျော့ချပေးတယ်

Pexels

မပြည့်ဝဆီတွေဟာ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်တယ်လို့ဆိုကြပါတယ်။ ထောပတ်သီးမှာတွေ့ရတဲ့ မပြည့်ဝဆီတွေဟာ မကောင်းတဲ့ကိုလက်စထရောတွေကိုလျော့ကျစေပြီး အင်ဆူလင်ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။

ဖော်ပြထားတဲ့အချက်တွေဟာ ထောပတ်သီးပုံမှန်စားသုံးရင် လက်တွေ့ခံစားရမယ့်အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ ပညာရှင်တွေကလည်း တစ်နေ့တာလူတွေစားသုံးတဲ့ကယ်လိုရီအချိုးအစားတွေကို တွက်ချက်ပြီးတဲ့အခါမှာ တစ်နေ့ကိုထောပတ်သီးတစ်ခြမ်းလောက်မှီဝဲသင့်ကြောင်းတိုက်တွန်းထားကြတာဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: relieved.co

SHARE