မိုးရွာတဲ့နေ့တွေမှာ အခန်းအောင်းရင်းလုပ်သင့်တဲ့အလုပ်(၅)ခု

Pogorelova Olga/Shutterstock

မိုးရွာတဲ့နေ့တွေဆို ပျင်းစရာကြီးနော်။ မိုးကြောင့် ဘယ်မှလည်းမသွားရပဲ အခန်းထဲမှာ ပိတ်မိနေတာမျိုးက ကိုယ်တွေအတွက်တော့ ရိုးနေပြီလို့တောင် ပြောရတော့မှာပါ။ ဒီတော့ မိုးရွာတဲ့နေ့တွေ၊ အခန်းအောင်းနေရရင် ဘယ်လိုကိစ္စလေးတွေ လုပ်နေရတာက ပျော်ဖို့ကောင်းမလဲ။ မိုးရွာတဲ့နေ့တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့်အရာတွေက ဘာလဲ။ တစ်ချက်လောက်ကြည့်လိုက်ရအောင်။

(၁)။ ကော်ဖီပူပူလေးတစ်ခွက်ဖျော်မယ်

မိုးရွာတဲ့အချိန်မှာ ကော်ဖီပူပူလေးတစ်ခွက်သောက်ရင်း ပြတင်းပေါက်ကနေ ငေးကြည့်ဖူးလား။ မိုးစက်တွေက ပြတင်းပေါက်မှာ၊ လေကြောင့် သစ်ပင်တွေက လှုပ်လို့။ လမ်းပေါ်မှာလည်း လူတွေ။ အဲဒီလိုမိုးရွာတဲ့ မြင်ကွင်းလေးကို ကော်ဖီသောက်ရင်း ကြည့်ရတဲ့အရသာက မိုးရာသီရဲ့အကောင်းဆုံးအရသာတွေထဲက တစ်ခုပါပဲ။

AlexMaster/Shutterstock
(၂)။ သီချင်းအေးအေးလေးတွေ နားထောင်မယ်

မိုးရွာတဲ့အသံက အရမ်းကျယ်ရင် အခန်းထဲမှာ သီချင်းသံကိုသေချာကြားရမှာမဟုတ်ပေမယ့် မိုးမသည်းတဲ့အချိန်မျိုးဆိုရင်တော့ သီချင်းအေးအေးလေးတွေက မိုးရာသီနဲ့ အလိုက်ဖက်ဆုံးပါ။ တချို့ကတော့ မိုးရာသီဆိုရင် အလွမ်းသီချင်းလေးတွေ နားထောင်ရတာ ကြိုက်ကြတယ်။ ဘာကြောင့်မှန်းမသိပဲ မိုးရွာတဲ့နေ့တွေဟာ လွမ်းဖို့ကောင်းနေရောပဲတဲ့။

READ
ဟော်လိုဝိန်းပွဲတော်ဆင်နွှဲဖို့ ပြင်ဆင်နေသူတွေအတွက် ထူးခြားတဲ့ဝတ်စုံဒီဇိုင်းများ
nampix/Shutterstock
(၃)။ စာအုပ်ဖတ်မယ်

ခေါင်မိုးပေါ်ကျနေတဲ့ မိုးသံကိုနားထောင်ရင်း အိပ်ယာထဲမှာ စာအုပ်လေးတစ်အုပ်ဖတ်လို့ ကွေးနေရတာ ဘယ်လောက်များကောင်းလိုက်မလဲ။ ပတ်ဝန်းကျင်မှာ မိုးရွာနေတဲ့အသံကလွဲပြီး ဘာမှမကြားရ၊ စာအုပ်ထဲမှာပဲ အာရုံစိုက်နေရင်း မိုးနေ့တစ်နေ့ကို ဖြတ်သန်းရတာဟာ အရမ်းကောင်းမှာပါ။

Y Photo Studio/Shutterstock
(၄)။ သရဲကားကြည့်မယ်

မိုးရွာတဲ့ညတွေနဲ့ အလိုက်ဖက်ဆုံးကတော့ သရဲကားတွေပဲလို့ လူတွေက ပြောကြတယ်။ တချို့ကလည်း လျို့ဝှက်သည်းဖိုကားမျိုးတွေ။ မိုးသံတဖျောက်ဖျောက်ကြားမှာ စောင်လေးခြုံရင်း သရဲကားကြည့်ရတဲ့အရသာက အင်း…ဘယ်လိုပြောရမလဲဆိုတော့။

(၅)။ စာရေးမယ်

တစ်ယောက်ယောက်ဆီကိုပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာကိုယ်ဝါသနာအရပဲဖြစ်ဖြစ် စာရေးမယ်ဆိုရင် မိုးရွာတဲ့နေ့တွေက အကောင်းဆုံးပါပဲ။ ကိုယ့်စိတ်ကို မိုးစက်တွေနဲ့အတူ လွှတ်ပေးနိုင်ပြီး စိတ်ကူးကောင်းတွေလည်း အများကြီးရမှာဖြစ်သလို၊ စိတ်ထဲက ပြောချင်နေတဲ့ စကားလုံးမှန်သမျှဟာ စီကာပတ်ကုံးထွက်လာပါလိမ့်မယ်။

Linn

SHARE