အကယ်၍ ကမ္ဘာ့ရေပြင်နဲ့ ကုန်းပြင်သာ နေရာချင်းပြောင်းပြန် ပြောင်းသွားခဲ့ရင်…

Pexels/SplitShire

ကမ္ဘာမြေကြီးရဲ့ (၇၁) ရာခိုင်နှုန်းဟာ ရေတွေနဲ့ ဖုံးလွှမ်းထားပြီး (၂၉) ရာခိုင်နှုန်းကပဲ ကုန်းမြေဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့များ ကမ္ဘာ့ကုန်းပြင်နဲ့ ရေပြင်သာ နေရာချင်းအပြောင်းအလဲဖြစ်ခဲ့ရင် ကမ္ဘာကြီးဟာ လုံးဝကို ကွဲပြားခြားနားတဲ့နေရာတစ်ခု ဖြစ်လာမှာပါ။ ကမ္ဘာ့အပူချိန်တွေဟာလည်း တဟုန်ထိုးတက်လာမယ့်အပြင် အသားစားအနွယ်ဝင် ဦးရေတွေဟာလည်း တိုးတက်လာမှာလို့ သိရပါတယ်။ အောက်ဘက်မှာတော့ တကယ်လို့ ကမ္ဘာကြီးရဲ့ကုန်းမြေသာ ရေပြင်ဖြစ်သွားပြီး ရေပြင်သာ ကုန်းမြေဖြစ်သွားရင် ကမ္ဘာကြီးပေါ်မှာ ဖြစ်ပေါ်လာမယ့် အပြောင်းအလဲတွေကို ဖော်ပြပေးလိုက်ပါတယ်။

အောက်ဆီဂျင်ပမာဏလျော့ကျမယ်

လေထုထဲမှာရှိနေတဲ့ (၇၀) ရာခိုင်နှုန်းသော အောက်ဆီဂျင်ပမာဏဟာ ရေထုထဲပေါက်ရောက်တဲ့ အပင်တွေက လာတာပါ။ တကယ်လို့သာ ရေထုနည်းပါးသွားမယ်ဆိုရင် ရေအောက်မှာရှိတဲ့ အပင်တွေဟာ လျင်မြန်စွာပျောက်ကွယ်သွားမှာဖြစ်တဲ့အပြင် လေထုထဲကို အောက်ဆီဂျင်ပေးပို့နှုန်းကလည်း နည်းသွားပါလိမ့်မယ်။ ရေထုတွေဟာ လူတွေလေထဲကို ထုတ်လွှတ်နေကြတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို စုပ်ယူပေးပါတယ်။ ဒါကြောင့် ရေပမာဏထုထည်နည်းပါးလေလေ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ပမာဏဟာ များလေလေဖြစ်ကာ အောက်ဆီဂျင်လျော့ပါးလာလေလေပဲ ဖြစ်ပါတယ်။

READ
အစားအသောက်တွေကို မှန်ကန်စွာ သိမ်းဆည်းတတ်ဖို့ နည်းလမ်းများ
Pexels/Pixabay

ကမ္ဘာ့အပူချိန် သိသိသာသာကြီး တက်လာမယ်

ရေဟာ အပူကို စုပ်ယူနိုင်ပါတယ်။ ဒါကြောင့်ပဲ သမုဒ္ဒရာတွေထဲမှာရှိတဲ့ ထုနဲ့ထည်နဲ့ရှိတဲ့ ရေတွေဟာ ကမ္ဘာကြီးကို အေးမြအောင် အကူအညီပေးနေတာပါ။ ဒါ့အပြင် သမုဒ္ဒရာတွေ၊ မြစ်ချောင်းတွေက ရေငွေ့ပျံတာကြောင့်လည်း ကမ္ဘာကြီးရဲ့ အပူချိန်ဟာ သူ့အလိုအလျောက် ထိန်းညှိနိုင်တာ ဖြစ်ပါတယ်။ တကယ်လို့ ကမ္ဘာ့ကုန်းပြင်နဲ့ ရေပြင်သာ နေရာချင်းအပြောင်းအလဲဖြစ်ခဲ့ရင်တော့ ကမ္ဘာ့အပူချိန်ရုတ်တရက် တက်လာမှာဖြစ်တဲ့အပြင် နေရာတော်တော်များများမှာ ခြောက်သွေ့ပြီး ပိုပူလာပါလိမ့်မယ်။

ကုန်းတွင်းပိုင်းသယ်ယူပို့ဆောင်ရေးတွေ ပိုမိုလွယ်ကူလာမယ်

ကုန်းပြင်တွေများပြီး တစ်နေရာနဲ့တစ်နေရာကို ဖြတ်သန်းသွားလာဖို့ အနှောင့်အယှက်ဖြစ်စေတဲ့ ရေထုတွေမရှိတော့တာကြောင့် ခရီးပိုတွင်လာပါလိမ့်မယ်။ ကုန်းတွင်းပိုင်းခရီးသွားလာရေးမှာ အဆင်ပြေလာမှာ ဖြစ်ပေမယ့် ပင်လယ်သမုဒ္ဒရာတွေထဲ သယ်ယူပို့ဆောင်ရေးတွေကတော့ ခက်ခဲလာမှာဖြစ်ပြီး ပင်လယ်စာအပေါ်မှာ မှီခိုနေရတဲ့ နိုင်ငံတွေကတော့ ဒုက္ခတွေ့ရမှာပဲ ဖြစ်ပါတယ်။

Pexels/Flickr

တိရစ္ဆာန်မျိုးစိတ်တွေလည်း ပြောင်းလဲလာမယ်

တကယ်လို့သာ ကမ္ဘာ့ကုန်းပြင်နဲ့ ရေပြင်သာ အပြောင်းအလဲဖြစ်ခဲ့ရင် ကမ္ဘာကြီးရဲ့ သက်ရှိတွေအပေါ်မှာ သွားရောက် ရိုက်ခတ်မှုရှိပါလိမ့်မယ်။ အပူချိန်တစ်ရှိန်ထိုးတက်လာပြီး လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေပဲ တိုးပွားလာတဲ့အခြေအနေကြောင့် သက်ရှိတွေအနေနဲ့ ရှင်သန်ဖို့ အခက်တွေ့လာမှာပါ။ အပင်မျိုးစိတ်တွေ နည်းပါးလာမှာဖြစ်ပြီး အပင်စားသတ္တ၀ါတွေထက် အသားစားသတ္တ၀ါဦးရေနဲ့ သွေးအေးသတ္တ၀ါအရေအတွက်က ပိုများလာပါလိမ့်မယ်။

READ
ပိုမိုပျော်ရွှင်တဲ့ ဘ၀ပိုင်ဆိုင်နိုင်ရန် နားလည်ထားသင့်တဲ့ စိတ်ပညာသဘောတရားများ

လူ့ယဉ်ကျေးမှုအဖွဲ့အစည်းဟာ ပုံစံပြောင်းလာမယ်

ရေဟာ အသက်ပဲ ဖြစ်ပါတယ်။ ရေအရင်းအမြစ်တွေရှားပါးလာတာကြောင့် နိုင်ငံအချင်းချင်း ရေအတွက်နဲ့ စစ်ပွဲဆင်နွှဲတာတွေ ဖြစ်လာနိုင်ပါတယ်။ ပင်လယ်ရေသတ္တ၀ါတွေအပေါ်မှာ မှီခိုနေရတဲ့ စီးပွားရေးတွေလည်း ထိခိုက်မယ်လို့ ယူဆရပါတယ်။ လက်ရှိမှာ လူတွေဟာ အမြင့်ပေပေါင်း(၂၉,၀၀၂) ရှိတဲ့ ဧ၀ရတ်တောင်ကို အမြင့်ဆုံးတောင်လို့သတ်မှတ်ကြပါတယ်။ ဧ၀ရတ်တောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် တောင်တွေထဲမှာ အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တောင်တွေအားလုံးရဲ့ အမြင့်ပေကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ Mauna Kea တောင်ဟာ ပေပေါင်း(၃၃,၀၀၀) နဲ့ အမြင့်ဆုံးတောင်ဖြစ်ကြောင်း သိရပါတယ်။ Mauna Kea ဟာ ပင်လယ်ရေအောက်ထဲ တစ်ပိုင်းတစ်စနစ်မြှုပ်နေတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref : Science Magazine , National Geographic

SHARE