ဒီထက်ပိုဆိုးတဲ့ အနေအထားနဲ့ ကိုဗစ်-၁၉ က ကမ္ဘာကြီးကို ဒုက္ခပေးဦးမည်ဟု WHO သတိပေး

Twitter/WHO

အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန်ခရီးသွားများအနေနဲ့ ကိုဗစ်ဒုတိယလှိုင်းကို သတိထားဖို့ သတိပေးခဲ့ပါတယ်။ ဗြိတိန်ဟာ မကြာသေးခင်ကမှ စပိန်နဲ့ လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်ခဲ့ရာ၊ WHO ဘက်က ပြင်းထန်တဲ့သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

WHO ရဲ့အဆိုအရ လက်ရှိကိုဗစ်-၁၉ကို ရာသီပေါ်တုပ်ကွေးများနဲ့ နှိုင်းယှဉ်ပြီး ပေါ့ပေါ့လျှော့လျှော့ ကိုင်တွယ်ပါက ဒီထက်ပိုဆိုးလာဖို့သာရှိတယ်လို့ ထုတ်ပြန်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ နိုင်ငံတွေအနေနဲ့ ကိုဗစ်-၁၉ဟာ လာမယ့်လတွေမှာ အခြေအနေပိုကောင်းသွားတယ်ထင်ပြီး မပေါ့လျှော့သင့်ဘူးလို့ WHO က ဆိုပါတယ်။

 

အခုဆိုရင် ကိုဗစ်-၁၉ဟာ ကမ္ဘာကို နောက်တစ်ကြိမ် ‘Big Wave’ပုံစံနဲ့နှိပ်စက်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ဆိုပါတယ်။ လာမယ့်လတွေမှာ ကိုဗစ်-၁၉က မထင်မှတ်တဲ့ပုံစံနဲ့ လာလေမလားဆိုတာကို သိပ္ပံပညာရှင်တွေက နားလည်အောင် ကြိုးစားနေကြဆဲပါ။

 

ဗြိတိန် NHS ကတော့ ဆောင်းရာသီတွေမှာ ရာသီပေါ်တုပ်ကွေးနဲ့ ဗိုင်းရပ်စ်ကူးစက်ရောဂါတွေ အဖြစ်များချိန်မို့ အဲဒီအချိန်ဟာ ကိုဗစ်က ကမ္ဘာကို နောက်တစ်ကြိမ် နှောက်ယှက်ဖို့ အခွင့်အရေး အလွန်ကောင်းတဲ့အချိန်ဖြစ်ကြောင်း ကောက်ချက်ချထားပါတယ်။

WHO မှ ဒေါက်တာ Margaret Harris က “ ဒီရောဂါက နောက်ထပ် ကြီးမားတဲ့လှိုင်းပုံစံနဲ့ လာဦးမှာပါ … ဒါက တက်သွားလိုက် … နောက် ပြန်ဆင်းသွားလိုက် ဖြစ်ပါလိမ့်မယ် … ”လို့ ပြောခဲ့ပါတယ်။ ဥရောပတစ်လွှား နိုင်ငံတွေမှာတော့ ကိုဗစ်-၁၉နဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေ တိုးနေသော်လည်း-

ဘားတွေ၊ လူစည်ကားတဲ့ ခရီးသွားနေရာတွေကို အဆောတလျင် ပြန်လည်ဖွင့်လှစ်တာမျိုးတွေ ရှိနေပြီး၊ ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း ဆိုးရွားတဲ့ ရောဂါကူးစက်မှုတွေ ပြန်ဖြစ်လာလို့၊ ဘားတွေ၊ နိုက်ကလပ်တွေကို ရုတ်ချည်းဆိုသလို ပြန်ပိတ်ခဲ့ရတာမျိုး ဖြစ်ပါတယ်။

လင်းသူရိန်

SHARE