ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဘယ်အသင်းတွေ ဘယ်ပြိုင်ဘက်နဲ့ တွေ့နိုင်သလဲ

၂၀၁၇-၁၈ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကတော့ မနေ့ညကပဲ ပြီးဆုံးသွားခဲ့ပါပြီ။ အုပ်စုပွဲစဉ်တွေအပြီးမှာတော့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်တဲ့ အသင်း (၁၆)သင်းလည်း ပေါ်ထွက်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီအသင်းတွေကတော့ မန်ယူ၊ ဘေဆယ်၊ PSG၊ ဘိုင်ယန်၊ ရိုးမား၊ ချယ်လ်ဆီး၊ ဘာကာ၊ ဂျူဗီ၊ လီဗာပူးလ်၊ ဆီဗီလာ၊ မန်စီးတီး၊ ရှက်တာဒိုးနက်၊ ဘက်ဆစ်တက်၊ ပေါ်တို၊ စပါးနဲ့ ရီးရဲယ်တို့ ဖြစ်ကြပါတယ်။

ရှုံးထွက်အဆင့်အတွက် မဲခွဲပွဲကို လာမယ့် ဒီဇင်ဘာလ (၁၁)ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး၊ ဒီအဆင့်မှာတော့ အုပ်စုပထမရခဲ့တဲ့ အသင်းတွေက ဦးစားပေးအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။ ဒီအဆင့်မှာ အုပ်စုတွင်းတွေ့ခဲ့ဖူးတဲ့အသင်းတွေ၊ နိုင်ငံတူအသင်းတွေ တွေ့ဆုံမှာမဟုတ်သေးတဲ့အတွက် ပရိသတ်စိတ်ဝင်စားတဲ့ အသင်းတွေအနေနဲ့ ဘယ်ပြိုင်ဘက်နဲ့တွေ့နိုင်မလဲဆိုတာ ကြည့်ရအောင်…..

မန်ချက်စတာယူနိုက်တက်

အုပ်စု (A) မှာ ပထမနေရာရခဲ့တဲ့ မန်ယူကတော့ အုပ်စုတွင်းပြိုင်ဘက် ဘေဆယ်နဲ့ အုပ်စု (C) က ဒုတိယဖြစ်တဲ့ ချယ်လ်ဆီးတို့နဲ့ တွေ့မှာမဟုတ်ပါဘူး။ အဲဒီတော့ မန်ယူတွေ့နိုင်တဲ့အသင်းတွေက ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ ဆီဗီလာ၊ ရှက်တာဒိုးနက်၊ ပေါ်တို၊ ရီးရဲယ်မက်ဒရက်တို့နဲ့ တွေ့နိုင်ပါတယ်။

PSG

အုပ်စုတွင်း သွင်းဂိုး (၂၅)ဂိုးတောင်သွင်းခဲ့တဲ့ PSG အသင်းကတော့ တနိုင်ငံတည်းပြိုင်ဘက် မိုနာကို အုပ်စုကထွက်ခဲ့ရတာကြောင့် အုပ်စုတွင်းမှာတွေ့ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကလွဲရင် ကျန်တဲ့ အုပ်စု ဒုတိယ(၇)သင်းလုံးနဲ့တွေ့နိုင်ပါတယ်။ ဘေဆယ်၊ ဆီဗီလာ၊ ရှက်တာဒိုးနက်၊ ပေါ်တို တို့နဲ့ဆိုရင် နောက်တဆင့်အတွက် လွယ်ကူနိုင်ပေမဲ့ ချယ်လ်ဆီး၊ ဂျူဗင်တပ်စ်၊ ရီးရဲလ်တို့နဲ့ဆိုရင်တော့ ခက်ခဲနိုင်ပါတယ်။

READ
ဖခင်တိုင်းသားယောက်ျားလေးကို သင်ပေးသင့်တဲ့အချက်(၈)ချက်

ဘိုင်ယန်မြူးနစ်

အုပ်စုတွင်းမှာ PSG ကို မကျော်နိုင်ဘဲ အုပ်စုဒုတိယသာရခဲ့တဲ့ ဘိုင်ယန်အတွက်တော့ ရှုံးထွက်အဆင့်မှာတင် ပွဲကျပ်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ တွေ့နိုင်တဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ မန်ယူ၊ ရိုးမား၊ ဘာစီလိုနာ၊ လီဗာပူးလ်၊ မန်စီးတီး၊ ဘက်ဆစ်တက်၊ စပါးတို့ထဲက ဘက်ဆစ်တက်နဲ့တွေ့ခဲ့ရင်တော့ ကံကောင်းတယ်လို့ ဆိုရမှာပါ။

ချယ်လ်ဆီး

အုပ်စုနောက်ဆုံးပွဲမှာ သရေရလဒ်သာရခဲ့လို့ Head-to-Head နဲ့ အုပ်စုဒုတိယသာရခဲ့ရတဲ့ ချယ်လ်ဆီးအတွက်ကတော့ တွေ့ရမယ့်အသင်းများများစားစားမရှိပါဘူး။ ကျန်အင်္ဂလန်(၄)သင်းလုံး အုပ်စုပထမရခဲ့တဲ့အတွက် တွေ့ရမှာမဟုတ်သလို၊ ရိုးမားကိုလည်း ဖယ်ရမှာဖြစ်တာကြောင့် ချယ်လ်ဆီးတွေ့ဖို့ဖြစ်နိုင်မယ့်အသင်းတွေက PSG၊ ဘာစီလိုနာနဲ့ ဘက်ဆက်တက် (၃)သင်းပဲရှိပါတယ်။

ဘာစီလိုနာ

အုပ်စု (D) ပထမဖြစ်တဲ့ ဘာစီလိုနာဆုံတွေ့နိုင်တဲ့အသင်းတွေကတော့ ဘေဆယ်၊ ဘိုင်ယန်၊ ချယ်လ်ဆီး၊ ရှက်တာဒိုးနက်နဲ့ ပေါ်တိုတို့ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်

နောက်ဆုံး(၃)နှစ်အတွင်း ဗိုလ်လုပွဲကို (၂)ကြိမ်တက်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ (၁၆)သင်းအဆင့်ပြိုင်ဘက် ဖြစ်လာနိုင်တဲ့အသင်းတွေကတော့ မန်ယူ၊ PSG၊ လီဗာပူးလ်၊ မန်စီးတီး၊ ဘက်ဆစ်တက်နဲ့ စပါးတို့ ဖြစ်ပါတယ်။

လီဗာပူးလ်

အုပ်စုတွင်းမှာ (၇)ဂိုးပြတ်သွင်းယူနိုင်ခဲ့တဲ့ပွဲ (၂)ပွဲတောင်ရှိခဲ့တဲ့ လီဗာပူးလ်အသင်း တွေ့ဆုံနိုင်တဲ့ ပြိုင်ဘက်တွေကတော့ ဘေဆယ်၊ ဘိုင်ယန်၊ ဂျူဗင်တပ်စ်၊ ရှက်တာဒိုးနက်၊ ပေါ်တိုနဲ့ ရီးရဲယ်တို့ ဖြစ်ပါတယ်။

READ
ဖိနပ်အသစ်ကို ခြေထောက် မနာအောင် စီးနည်း

မန်စီးတီး

နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကတော့ ဒီနှစ်ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတွေထဲက တသင်းပါ။ သူတို့ (၁၆)သင်းအဆင့်မှာတွေ့နိုင်တဲ့ပြိုင်ဘက်တွေကတော့ ဘေဆယ်၊ ဘိုင်ယန်၊ ဂျူဗင်တပ်စ်၊ ဆီဗီလာ၊ ပေါ်တိုနဲ့ ရီးရဲယ်တို့ ဖြစ်ပါတယ်။

စပါး

လက်ရှိချန်ပီယံရီးရဲယ်မက်ဒရစ်၊ ဥရောပမှာ အစွယ်ပြင်းတဲ့ ဒေါ့မွန်တို့နဲ့ တအုပ်စုထဲကျပြီး ရုန်းကန်ရမယ်လို့ ထင်ထားခဲ့ကြပေမယ့် ပွဲစဉ်မကုန်ခင်မှာတင် အုပ်စုပထမနေရာသေချာခဲ့တဲ့ စပါးအသင်းကတော့ ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ surprise package ပါပဲ။ နောက်တဆင့်မှာ စပါးတို့တွေ့နိုင်မယ့်ပြိုင်ဘက်တွေကတော့ ဘေဆယ်၊ ဘိုင်ယန်၊ ဂျူဗင်တပ်စ်၊ ရှက်တာဒိုးနက်၊ ဆီဗီလာနဲ့ ပေါ်တိုအသင်းတွေ ဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ်

လက်ရှိချန်ပီယံရီးရဲယ်အသင်းကတော့ စပါးကို (၂)ကျော့လုံးအနိုင်မယူနိုင်ခဲ့လို့ အုပ်စုဒုတိယနဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် ရီးရဲလ်အနေနဲ့ နောက်တဆင့်မှာ မန်ယူ၊ PSG၊ လီဗာပူးလ်၊ မန်စီးတီးတို့လို အသင်းကြီးတွေနဲ့တွေ့နိုင်သလို၊ ရိုးမား၊ ဘက်ဆစ်တက်တို့နဲ့တွေ့ခဲ့ရင်တော့ ပိုမိုလွယ်ကူနိုင်ပါတယ်။

ကိုပူစီ

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE