Game of Thrones ရုပ်ရှင်စီးရီးနဲ့ George R.R.Martin ရဲ့ဝတ္ထုတွေကို လူတွေစွဲစွဲလန်းလန်း နှစ်သက်ကြခြင်းရဲ့နောက်ကွယ်ကအကြောင်းဟာ ဇာတ်ကောင်တွေများလို့ဖြစ်ကြောင်း သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တစ်ခုမှာဆိုပါတယ်။ HBO စီးရီးတစ်ခုဖြစ်တဲ့ GOT ဟာဆိုရင် ၂၀၁၁ ခုနှစ်မှာ ပထမဆုံး season ကို တစ်ကမ္ဘာလုံးအနှံ့ပြသခဲ့ပြီး ပရိသတ်တွေတဟုန်ထိုးရရှိလာခဲ့တာဖြစ်ပါတယ်။
ဒီရုပ်ရှင်စီးရီးတွေကိုတော့ စာရေးဆရာ Martin ရဲ့ ဝတ္ထုစာအုပ်အတွဲတွေဖြစ်တဲ့ A Song of Ice and Fire ကို အခြေခံရိုက်ကူးထားတာပါ။ GOT ဖန်တီးသူတွေဖြစ်တဲ့ David Benioff နဲ့ D.B.Weiss တို့ စီးရီးကို season 8 မှာအဆုံးသတ်မယ့်အကြောင်း ကြေညာတဲ့အချိန်တုန်းက ပရိသတ်တော်တော်များများဟာ မပျော်ရွှင်ခဲ့ကြပါဘူး။ ဇာတ်လမ်းကိုထပ်ချဲ့လို့ရတဲ့အကြောင်းနဲ့ ဇာတ်လမ်းပြီးသွားတဲ့မြန်တဲ့အကြောင်း၊ ဇာတ်လမ်းမှာအပေါက်တွေများနေတယ်ဆိုပြီး season 8 ကိုပြန်လည်ဖန်တီးဖို့တောင် ပရိသတ်တွေက HBO ကိုတိုက်တွန်းခဲ့ပါတယ်။
တစ်ကမ္ဘာလုံးမှာ GOT ပရိသတ်တွေများတဲ့အတွက် final season မှာတောင် အငြင်းပွားစရာတွေဖြစ်ခဲ့ပါသေးတယ်။ GOT ဟာ ဘာကြောင့်ဒီလောက် ပေါ်ပြူလာဖြစ်ခဲ့ရလဲဆိုတာကိုတော့ အင်္ဂလန်နဲ့ အိုင်ယာလန်တစ်လွှားမှာရှိတဲ့ တက္ကသိုလ် ၅ခုက သုတေသနပညာရှင်တွေလေ့လာခဲ့ပါတယ်။ သူတို့ဟာ အရင်ဆုံး Martin ရဲ့ ၁၉၉၆ခုနှစ်ကထုတ်ဝေတဲ့ ဝတ္ထုကိုအရင်လေ့လာခဲ့ပါတယ်။
လေ့လာချက်တွေအရတော့ ဝတ္ထုထဲမှာပါဝင်တဲ့ ဇာတ်ကောင်တွေဟာ တကယ့်လက်တွေ့ဘဝထဲကလိုပဲ အပြန်အလှန်တုံ့ပြန်မှုရှိတာကို တွေ့ရှိခဲ့ပါတယ်။ ဝတ္ထုထဲမှာဆိုရင် ဇာတ်ကောင်ပေါင်း ၂ထောင်ကျော်ရှိပြီး သူတို့ကြားထဲက ဆက်သွယ်တုံ့ပြန်မှုဟာ ၄၁,၀၀၀ ကျော်ရှိပါတယ်။ ဒီအရေအတွက်ဟာ လက်တွေ့ဘဝထဲ လူသားတွေအချင်းချင်းပြုမူဆက်ဆံတဲ့ ဆက်ဆံရေးအရေအတွက်နဲ့ အတူတူပဲဆိုတာ တွေ့လာရပါတယ်။
ဇာတ်လမ်းအပေါ်လွှမ်းမိုးမှုများတဲ့ဇာတ်ကောင်တွေဆိုရင် လူပေါင်း၁၅၀ လောက်ကို ပျမ်းမျှအနေနဲ့ ထိတွေ့ဆက်ဆံရပါတယ်။ ဒါဟာ သာမန်လူ့ဦးနှောက်က ဆက်ဆံတဲ့အရေအတွက်နဲ့ အတူတူပဲဖြစ်တယ်လို့ သုတေသနပညာရှင်တွေက သုံးသပ်ခဲ့တာပါ။ Martin ဟာ လက်တွေ့ဘဝကိုထင်ဟပ်တဲ့ဖြစ်ရပ်တွေကို ဝတ္ထုထဲ အလှည့်ကျဖော်ပြပြီး စာဖတ်သူတွေကိုဆွဲဆောင်နိုင်ခဲ့တယ်လို့ ဒီလေ့လာချက်က ဆိုပါတယ်။ GOT မှာ သာမန်နဲ့မတူဘဲ ဇာတ်ကောင်တွေအများကြီးပါဝင်တာဟာ တစ်ခါတစ်လေ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေမယ့် ဇာတ်ကောင်တွေကြားထဲက ဆက်နွယ်မှုနဲ့ သူတို့ရဲ့ဆက်ဆံရေးဟာ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို မြှင့်တက်စေခဲ့ကြောင်းလည်း screenrant သတင်းစာမျက်နှာအရ သိရပါတယ်။
ShweMom