တစ်ခါတစ်လေမှာ အပျင်းထူဖို့ လိုအပ်တဲ့အကြောင်းရင်းများ

ယနေ့ခေတ် နေထိုင်မှုပုံစံအရ လူငယ်အများစုဟာ ရည်မှန်းချက်ပြင်းပြစွာနဲ့ အလုပ်ကို သည်းကြီးမည်းကြီး လုပ်နေကြတာ တွေ့ရပါတယ်။ ဘ၀အတွက် ရည်မှန်းချက်ကြီးတာ၊ ပြင်းပြင်းပြပြ ကြိုးစားတာဟာ ကောင်းတဲ့လက္ခဏာရပ်တစ်ခု ဖြစ်ပါ တယ်။ သို့ပေမယ့် အသက်၀၀ရှူချိန်တောင်မရဘဲ အဆက်မပြတ် စက်ရုပ်တွေလို လှုပ်ရှားရုန်းကန်နေဖို့ဆိုတာဟာ ထာဝရတော့ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် တစ်ခါတစ်လေမှာ ပြင်းပြတဲ့ရည်မှန်းချက်နဲ့ ကြိုးစားပြီး လုပ်ငန်းကြီးတွေမှာ စီမံခန့်ခွဲ မှုတွေ ပြုလုပ်နေနိုင်တဲ့လူတစ်ချို့ဟာ အောင်မြင်နေတယ်လို့ ပြောလို့ရပေမယ့် သူတို့ရဲ့ဖြစ်တည်မှု အနှစ်သာရကတော့ ပျောက်ဆုံးနေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်တိုင်သိရှိပြီး ဘ၀ကိုအဓိပ္ပာယ်ရှိရှိ၊ အနှစ်သာရပြည့် ပြည့် ဖြတ်သန်းနိုင်ဖို့အတွက် တစ်ခါတစ်လေမှာ အပျင်းထူပေးဖို့ လိုအပ်ပါတယ်။

ခဏလောက် ဘာမှမလုပ်ဘဲနေပါ။

ပိတ်ရက်လိုမျိုး ရက်တွေ ရောက်လာတဲ့အခါမှာလည်း မနားအားဘဲ ဟိုဟိုဒီဒီ ဘ၀တိုးတက်ရေးအတွက် အပတ်တကုတ် ကြိုးစားနေကြတာဟာ အားရစရာ ဖြစ်ပါတယ်။ ဒါပေမယ့် မိမိကိုယ်တိုင်အတွက် စိတ်နဲ့ခန္ဓာကို အချိန်တစ်ခုလောက် အနားပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်သက်သက် ထိုင်နေတာမျိုး၊ ဘာကိုမှမတွေးဘဲ ဒီတိုင်းငေးကြည့်နေတာမျိုး လုပ်သင့်ပါတယ်။ ခန္ဓာကိုယ်ကြီးကို သန့်ရှင်းရေးလုပ်သလို ပဲ စိတ်ဟာလည်း ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပိတ်ရက်ရောက်တဲ့အခါ ဘာမှမလုပ်ဘဲ နံရံကြီးကိုပဲဖြစ်ဖြစ် ငေးကြည့်နေတာမျိုး ပြုလုပ်ပါ။

READ
ကိုယ့်ကိုယ်ကို ယုံကြည်မူရှိပြီး အများရဲ့စံပြအမျိုးသမီးဖြစ်အောင်နေထိုင်နည်း

စိတ်လွတ်လက်လွတ် နေကြည့်ပါ။

စက်ရုပ်တွေလို မနေမနားတမ်း ကြိုးစားလှုပ်ရှားနေရာကနေ ခဏလောက်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အနားပေးပါ။ သင့်စိတ်က အနားရတဲ့အချိန်ဟာ အိပ်နေတဲ့အချိန်နဲ့ အပျော်ခရီးတွေ ထွက်တဲ့အချိန်ပဲ ရှိပါတယ်။ ဒါကြောင့် ရက်တိုခရီးလေးတွေဖြစ်ဖြစ် သွားပေးပါ။ ဒါမှမဟုတ် ကိုယ်ဝါသနာပါရာတစ်ခုခုကို အချိန်ပေးပြီး စိတ်အပန်းဖြေပါ။ ဒါမှမဟုတ်လည်း အိမ်တွင်းအောင်းပြီး ကိုယ်ကြိုက်တဲ့ TVဇာတ်လမ်းတွေ တစ်ဝကြီး ထိုင်ကြည့်နေတာမျိုး၊ ဂိမ်းတွေပဲ ထိုင်ဆော့နေတာမျိုး တစ်ခါတစ်ရံ ပြုလုပ်ပေးသင့်ပါတယ်။ ကလေးတွေလိုမျိုး လွတ်လပ်ပေါ့ပါးပြီး အပူအပင်ကင်းတဲ့ အခိုက်အတန့်လေးကို ကိုယ့်ဘာသာ ဖန်တီးပေးပါ။

လူတစ်ယောက်အနေနဲ့ ကြိုးစားသင့်တာမှန်ပေမယ့် အောင်မြင်မှုအတွက် လက်ခုပ်သံလေးရမယ့် တစ်ခဏအတွက်၊ ဒါမှမဟုတ် တစ်ကိုယ်စာ လိုအပ်မှုထက် လောဘတကြီး ရှာဖွေရုန်းကန်နေပြီး မိမိကိုယ်ကို သိရှိဖို့၊ ကိုယ့်ကိုယ်ကို ချစ်ခင်ပြီး တန်ဖိုးထားဖို့၊ ကိုယ်တိုင်ပျော်ရွှင်ဖို့အတွက် အချိန်ပေးဖို့ မေ့လျော့နေမယ်ဆိုရင်တော့ လူမသိသူမသိ အေးဆေးတဲ့ ဘ၀လေးနဲ့ မိမိကိုယ်တိုင် ပျော်ရွှင်ကျေနပ်နေတဲ့ဘ၀လေးက ပိုမိုသာလွန်ပါလိမ့်မယ်။ လူ့ဘ၀ဟာ အလွန်တိုတောင်းပါတယ်။ ရှင်သန်ရတဲ့ နေ့ရက်တွေဟာ အကန့်အသတ် ရှိပါတယ်။ ကမ္ဘာကြီးဟာ စကြ၀ဠာကြီးနဲ့ ယှဉ်လိုက်ရင် သေးငယ်လှတဲ့ ဂြိုဟ်လေးတစ်လုံးမျှသာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့လို လူသားတွေဆိုရင်တော့ စကြ၀ဠာကြီး ထဲက ခဏမျှ ဖြတ်ခနဲလင်းလက်သွားတဲ့ မီးပွားစငယ်လေးတွေသာ ဖြစ်ပါလိမ့်မယ်။ ကိုယ်တိုင်ပျော်ရွှင်ကျေနပ်လို့ ကုန်ဆုံး သွားတဲ့အချိန်ကို ဖြုန်းတီးရာရောက်တယ်လို့ မတွေးသင့်ပါဘူး။ ဒါကြောင့် ကိုယ်တိုင်ပျော်ရွှင် ကျေနပ်ပြီး အဓိပ္ပာယ် ပြည့်ဝစွာ ရှင်သန်နိုင်ဖို့အတွက် တစ်ခါတစ်လေမှာ အပျင်းထူပေးဖို့ လိုအပ်ပါတယ်နော်။

READ
ဘယ်တော့များမှ ဒီလိုကားစီးရတဲ့ ဒုက္ခကလွတ်မလဲရွှေမြန်မာတို့ရေ...

အလင်းဦး(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE