ကမ္ဘာ့အကျယ်ပြန့်ဆုံး မြေကွက်ဝယ်ယူမှုဖြစ်ခဲ့တဲ့ အလက်စကာဒေသ အကြောင်းဗဟုသုတ

အမေရိကန်နိုင်ငံရဲ့ ၁၇ ယောက်မြောက် သမ္မတဖြစ်တဲ့ အန်ဒရူး ဂျွန်ဆင်က အလက်စကာဒေသ ကိုဝယ်ယူခဲ့စဉ်တုန်းက လူအများက သူကို လှောင်ပြောင်ခဲ့ကြပေမဲ့ ယခုအချိန်မှာတော့ ထိုဝယ်ယူမှုဟာ နိုင်ငံအတွက် သမိုင်းဝင်တဲ့ လုပ်ဆောင်မှုတစ်ရပ် အဖြစ်ပါ တည်ရှိခဲ့တာ ဖြစ်ပါတယ်။အလက်စကာ ဒေသကို ၁၈၆၇ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ရုရှားနိုင်ငံမှ အမေရိကန် ဒေါ်လာ ၇.၂ သန်း(မြန်မာငွေ သိန်း ကိုးသောင်း ၈ ထောင်ခန့်) မျှဖြင့် ၀ယ်ယူခဲ့တာ ဖြစ်ပြီး ၀ယ်ယူမှုကို ဦးစီးခဲ့တဲ့ အမေရိကန်နိုင်ငံ နိုင်ငံရေး ၀န်ကြီး ၀ီလီယံ အိတ် ဆီဝတ် ရဲ့ကြိုးပမ်းမှုကြောင့်လည်း ဖြစ်ပါတယ်။အလက်စကာ ဒေသကို ၀ယ်ယူခဲ့တဲ့ နှစ်နိုင်ငံ သဘောတူ စာချုပ်ကြောင့် အမေရိကန်နိုင်ငံဟာ စတုရန်းမိုင်ပေါင်း ၅၈၆၀၀၀ မျှပိုမိုကျယ်ဝန်းခဲ့ရတာဖြစ်ပြီး ဒီဧရိယာဟာ တက်ဆက်စ်ပြည်နယ်ရဲ့ ၂ ဆမျှရှိတာလည်းဖြစ်ပါတယ်။(ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ၄၀ မြောက် ဧရိယာ ကျယ်ပြန့်တဲ့ နိုင်ငံဖြစ်ပြီး စတုရန်း မိုင် ၂၆၁၂၂၈ မိုင်ရှိပါတယ်)

President_Andrew_Johnson

အလက်စကာဒေသကို အမေရိကန်နိုင်ငံက ၁ ဧက ကို ၂ ဆင့်ခန့်မျှနဲ့ ၀ယ်ယူနိုင်ခဲ့တာ ဖြစ်ပြီး (100 ဆင့် = ၁ ဒေါ်လာ)ဒီကနေ့ခေတ် အမေရိကန်နိုင်ငံအတွက် အလွန်တရာ အကျိုးအမြတ်ရှိစေမဲ့ အလက်စကာမြေ၀ယ်ယူ မှုကြီးကို ထိုစဉ်က နိုင်ငံရေးသမားများနဲ့ သတင်းစာ များက  လှောင်ပြောင်ခဲ့ကြပြီး သမ္မတ ဂျွန်ဆင်လုပ်သမျှကို ကန့်လန့်တိုက်ခဲ့ပြီး အလက်စကာ မြေ၀ယ်ယူမှုကြီးကို ” ဆီဝတ်ရဲ့ မိုက်မဲမှု ” “Seward’s Folly” လို့တောင် နာမည်ပေးခဲ့ကြပါတယ်။

READ
အောင်မြင်သူတွေဘယ်တော့မှ လုပ်လေ့မရှိတဲ့အရာ(၈)ခု
ဝယ်ယူမှု ဦးဆောင်ခဲ့သူ နိုင်ငံခြားရေး ၀န်ကြီး william-seward

အလက်စကာပြည်နယ်ဟာ အမေရိက ရဲ့ တခြားသောပြည်နယ်များထက် ဦးစွာ လူများဝင်ရောက်နေထိုင်ခဲ့ကြတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၁၅၀၀၀ ခန့်ကတည်းက အာရှတိုက်ကို ဖြတ်၍ အလက်စကာဒေသမှာ လူများနေထိုင်ခဲ့ကြောင်း အထောက်အထားများတွေ့ရှိခဲ့ရပြီး နောက်ပိုင်းခေတ်မှာတော့ ၁၇၄၁ ခုနှစ်အထိ လူသူအရောက်အပေါက်မရှိခဲ့သလို အလက်စကာဒေသကို ရှိမှန်းလည်း မသိခဲ့ကြပါဘူး။သို့ပေမဲ့ ၁၇၄၁ ခုနှစ်မှာ ရုရှား စူးစမ်းလေ့လာသူ တစ်ဦးဖြစ်တဲ့ Vitus Bering က အလက်စကာ ဒေသကို ပထမဆုံး ရောက်ခဲ့သူဖြစ်ပြီး ရုရှားဇာဘုရင်များရဲ့ ပိုက်နက်ဖြစ်တယ်ဆိုပြီး နယ်မြေသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

အလက်စကာ ပြည်နယ်ဝယ်ယူခြင်း စာချုပ်ဆိုနေစဉ်

သို့ပေမဲ့ ၁၇၈၄ ခုနှစ်အထိ အလက်စကာဒေသမှာ ရုရှားလူမျိုး ရာဂဏန်းမျှသာ နေထိုင်ကြပြီး အမေရိကန် အခြေချသူများသာ များနေတဲ့ အတွက် ရုရှား အာဏာပိုင်များက အလက်စကာဒေသကို အမေရိကန်တွေ သိမ်းယူသွားမှာကို စိုးရိမ်လာကြပါတယ်။ဒီလိုနဲ့ နောက်ပိုင်းကာလ များမှာ ဇာဘုရင်ရဲ့ အစ်ကို ဖြစ်သူကတောင် အလက်စကာဒေသဟာ မလိုအပ်ဘူးလို့ ယူဆခဲ့တဲ့ အတွက် ၁၈၅၀ ခုနှစ်မှာ အမေရိကန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ အလက်စကာ ပြည်နယ် ရောင်းဝယ်ရေးအတွက် ဈေးညှိနှိုင်းရေးများ စတင်လုပ်ဆောင်ခဲ့ပါတယ်။

READ
သားသမီးများအနေနဲ့ မိဘနဲ့ကြာရှည်အတူနေခြင်းဟာ ၎င်းတို့ကို အသက်ပိုရှည်စေ
ဒေါ်လာ ၇.၂ သန်းတန်ချက်လက်မှတ်

အလက်စကာ ဒေသဟာ သမ္မတ အေဗရာဟမ် လင်ကွန်းလက်ထက်မှာကတည်းက ဈေးစကား စပြောခဲ့ကြတာ ဖြစ်ပေမဲ့ နောက်ပိုင်း အမေရိကန် ပြည်တွင်းစစ်ဖြစ်ပွားလာတဲ့ အတွက် ဆွေးနွေးမှုတွေ ခေတ္တဆိုင်းငံ့သွားခဲ့ပါတယ်။သို့ပေမဲ့ ပြည်တွင်းစစ်ပြီးလို့ သမ္မတ လင်ကွန်း ကွယ်လွန်အပြီးမှာ သမ္မတ ဂျွန်ဆင်တက်လာခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီး ဆီဝတ်က  အလက်စကာ ပြည်နယ်ရောင်းဝယ်ရေးကို ဦးဆောင်ခဲ့တာဖြစ်ပြီး ၁၈၆၇ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ရွှေသား အမေရိကန် ဒေါ်လာ ၇.၂ သန်းနဲ့ အလက်စကာဒေသကို ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။

ယနေ့ အလက်စကာ

ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့ဟာ အမေရိကန်နိုင်ငံအနေနဲ့ အလက်စကာဒေသကို ရုရှားနိုင်ငံမှ ၀ယ်ယူခဲ့တာ နှစ်ပေါင်း ၁၅၀ ပြည့်ခဲ့ပြီး ယနေ့အချိန်မှာတော့ အလက်စကာဒေသမှာရှိတဲ့ မြို့တွေ၊လမ်းတွေ၊ကျွန်းတွေ အားလုံးကို အလက်စကာမြေ၀ယ်ယူမှု ဦးဆောင်ခဲ့သူ ဆီးဝတ်ကို ဂုဏ်ပြုပြီးမှည့်ခေါ်ထားကြပါတယ်။

Arkar Hein (Shwemom)

Ref : History

SHARE