သူငယ်ချင်းတွေနဲ့အတူ ခရီးသွားရတာ သိပ်မစွံကြောင်း သိသာစေမယ့် အချက်(၅)ချက်

Musument/Unsplash

သူငယ်ချင်းအပေါင်းအသင်းတွေ၊ မိတ်ဆွေတွေ နဲ့ ခရီးထွက်ရင် သိပ်ပျော်စရာကောင်းမှာပဲလို့ တွေးမိဖူးကြမှာပါ။ နှစ်ရှည်လများစွာ ပေါင်းသင်းလာခဲ့တဲ့သူငယ်ချင်းဆိုရင်တော့ အကြောင်းမဟုတ်ပေမယ့် အကြောင်း သိပ်မသိသေးတဲ့ သူငယ်ချင်းနဲ အတူခရီးထွက်တဲ့နေရာမှာ စိတ်ကသိကအောင့် ဖြစ်စရာတွေလည်း ကြုံခဲ့ဖူးကြမှာပါ။ ခရီးသွားခြင်းဆိုတာ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်ကို အကောင်းဆုံး သိရှိနိုင်စေတဲ့ အရာတစ်ခုမဟုတ်ပါလား။ ဒီလို သူငယ်ချင်းမိတ်ဆွေတွေနဲ့ ခရီးထွက်တဲ့အချိန်မှာ ခရီးသွားစဉ် ကတောက်ကဆဖြစ်တတ်တာလေးတွေလည်း ရှိပါတယ်။

Holly Mandarich/Unsplash
(၁)နေ့စဉ်လုပ်ဆောင်နေကျ အပြုအမူတွေ မတူတာ

သူငယ်ချင်းတွေနဲ့ အတူခရီးသွားတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် နေ့စဉ်လုပ်ဆောင်ကျအပြုအမူတွေ မတူတာကလည်း ပြဿနာတစ်ခုပါပဲ။ တစ်နေ့ခင်းလုံးအတွက်ဆိုရင်တော့ ဘာမှပြဿနာမရှိပေမယ့်လို့ ညအချိန်ရောက်တဲ့အခါမျိုးမှာ၊ မနက်အိပ်ရာထချိန်အခါမျိုးမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် မတူညီကြရင် အတော်စိတ်ဒုက္ခရောက်ပါတယ်။ ကိုယ်က ညနက်မှ အိပ်တတ်သူတစ်ယောက်၊ သူငယ်ချင်းဖြစ်သူကတော့ အစောကြီးအိပ်ရာဝင်တတ်သူတစ်ယောက်ဆိုရင် မနက်အိပ်ရာထချိန်မှာ အတော့်ကို ဂွကျပါတယ်။ သူက အစောကြီးထနေပြီး ကိုယ်က အိပ်မောကျနေချေိန်တွေ ဘာတွေဖြစ်ရင် မနက်စာစားတာတို့၊ သွားဖို့ လာဖို့ ပြင်ဆင်တာတို့မှာ ပြဿနာလေးတွေ ဖြစ်လာတတ်ပါတယ်။ ညှိယူရမယ့် ကိစ္စတစ်ခုပါ။

Friends/Warner Bros Television
(၂) နေပုံထိုင်ပုံမတူညီတာ

ခရီးအတူတူထွက်လို့ တစ်ယောက်နဲ့တစ်ယောက် နေထိုင်မှုပုံစံမတူဘူးဆိုရင်လည်း ပြဿနာနည်းနည်းရှိနိုင်ပါတယ်။ တချို့လူတွေဟာ ခရီးအတူတူ စုထွက်ပေမယ့်လို့ တစ်ယောက်တည်းနေချင်သူတွေလည်း ရှိပါတယ်။ တချို့ကတော့ ခရီးအတူတူထွက်ပါတယ်ဆိုမှ အကုန်လုံးပေါင်းပြီး စားကြ၊ သောက်ကြ၊ သွားကြ၊ လာကြ ဆိုတဲ့ သဘောထားမျိုးလည်း ရှိပါတယ်။နေထိုင်မှုပုံစံခြင်းမတူညီတဲ့အတွက်ကြောင့် ဖြစ်လာတဲ့ ပြဿနာအသေးစားလေးတွေပါ။

Autri Taheri/Unsplash_JiaYe/Unsplash
(၃) ဘတ်ဂျက်အခြေအနေ မတူညီတာ

 ဒီအချက်ကတော့ ပြဿနာတော်တော်ဖြစ်စေတဲ့ အရာတစ်ခုပါ။ တစ်ခါတစ်ရံ ကိုယ်က ခရီးသွားတဲ့အချိန်မှာ ရောက်ရှိတဲ့ အရပ်က ဒေသထွက်အစားအစာတွေကို စားချင်၊သောက်ချင်၊ မြည်းစမ်းချင်ပေမယ့်လို့ ကိုယ့်သူငယ်ချင်းရဲ့ ဘတ်ဂျက်အခေအြနေက အဆင်မပြေသေးသတဲ့အချိန်နဲ့ တိုက်ဆိုင်သွားခဲ့ရင် စိတ်နည်းနည်းတော့ ခုလာပါလိမ့်မယ်။ ခရီးသွားစဉ် ငါ ဘယ်လောက်ပဲ ပိုက်ဆံသုံးမယ်ဆိုပြီး ကိုယ့်တာနဲ့ ကိုယ် ရည်ရွယ်ထားတဲ့သူတွေလည်း ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခရီးမထွက်ခင်ကတည်းက ပွင့်ပွင့်လင်းလင်းပြောထားရင်တော့ ဒီလိုပြဿနာလေးတွေမှ ရှောင်နိုင်ပါလိမ့်မယ်။ မဟုတ်ရင် တစ်ယောက်နဲ့တစ်ယောက် အားနာစရာတွေဖြစ်ကုန်ပါလိမ့်မယ်။

Clem Onojeghuo/Unsplash
(၄) အစီအစဉ် မဆွဲထားတာ

တကယ်လို့ အပျော်ခရီးသွားရမယ့်နေရာက လည်စရာတစ်နေရာတည်းသာ ရှိတယ်ဆိုရင်တော့ ပြဿနာသိပ်မရှိပေမယ့် လည်ပတ်စရာတွေများတဲ့ နေရာကို သွားမယ်ဆိုရင်တော့ အစကတည်းက မညှိထားရင်၊ ခရီးစဉ်အစီအစဉ်ကို မဆွဲထားရင် ပြဿနာရှိနိုင်ပါတယ်။ ဘုရားဖူးချင်သူက တစ်ယောက်၊ ပန်းချီပြခန်းသွားချင်သူက တစ်ယောက်၊ ရှု့ခင်းအလှကို ကြည့်ချင်သူက တစ်ယောက်ဆိုရင် ဟိုမရောက် ဒီမရောက် ခရီးစဉ်တစ်ခုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အစကတည်းကနေ သေသေချာချာ သွားရမယ့် ခရီးစဉ်ကို လေ့လာထားပြီး ဘယ်နေရာတွေ သွားမယ်၊ ဘယ်နေရာတွေ မသွားတော့ဘူးဆိုတဲ့ အစီအစဉ်ကို ရေးဆွဲထားသင့်ပါတယ်။

Cason Asher/Unsplash_Kevin Laminto/Unsplash
(၅)ခရီးသွားအတွေ့အကြုံ မရှိတာ

တစ်ခါတစ်ရံ ကိုယ်က ခရီးထွက်ရတာ ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်လို့ ခရီးသွား အတွေ့အကြုံ တော်တော်များများ ရှိနေပေမယ့်လို့ သူငယ်ချင်းဖြစ်သူက ခရီးသွား အတွေ့အကြုံ သုံညဆိုရင်လည်း စိတ်ညစ်စရာပါပဲ။ ကိုယ်က လွတ်လွတ်လပ်လပ်ပျော်ချင်ပေမယ့်လို့ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ အတွေ့အကြုံမရှိမှုကို လိုက်လံဖြေရှင်းစောင့်ရှောက်နေရတာကြောင့် ပျော်ချင်လျက်နဲ့ မပျော်နိုင်လည်း ဖြစ်တတ်ပါတယ်။ 

 

READ
လေယာဉ်မယ်တွေ ပြောပြမှာမဟုတ်တဲ့ လေယာဉ်ခရီးတွေအတွင်းက လျှို့ဝှက်ချက်များ

Ye Yint Kyaw

SHARE