Facebook ပေါ်က အငြင်းအခုန်ဝေဖန်မှုတွေကို ပြန်မတုန့်ပြန်သင့်ကြောင်း သုတေသီများဆို

ယခုခေတ်မှာ ကြီးကြီးငယ်ငယ်ရွယ်ရွယ် လူတန်းစားမရွေး Facebook ဆိုတဲ့ social media platform ကြီးကို အချိန်တိုင်းလိုလို အသုံးပြုနေကြပါတယ်။ သို့ပေမယ့် Facebook မှာ တင်သမျှအကြောင်းအရာတိုင်းကို “ဟုတ်တယ်၊ မဟုတ်ဘူး၊ ဘာကြောင့်ဒီလိုဖြစ်တယ်” ဆိုပြီး လိုက်ငြင်းခုန်နေတတ်တဲ့ လူတန်းစားတစ်ရပ်ရှိပါတယ်။

နိုင်ငံရေးထင်မြင်ယူဆချက်တွေမှစလို့ လူတစ်ယောက်ရဲ့ personal ကိစ္စတွေ၊ အလုပ်ကိစ္စတွေအထိ ဝေဖန်တတ်တဲ့ လူတွေကို သင်ကြုံဖူးမှာပါ။ သူတို့တွေဟာ ကိုယ်နဲ့ဆိုင်ဆိုင်၊ မဆိုင်ဆိုင် post အောက်မှာ comment တွေရေးပြီး တစ်မျိုး၊ share ပြီး တစ်ဖုံ ဝေဖန်တတ်ကြပါတယ်။ တစ်ခါတစ်ရံ သူတို့ရဲ့ဝေဖန်စကားတွေဟာ စေတနာသက်သက်ဝေဖန်နည်းတွေဖြစ်ပေမယ့် တချို့ကျပြန်တော့လည်း သက်သက်ဆရာလုပ်ချင်တဲ့အတွက်သော်လည်းကောင်း၊ တမင်ဂုဏ်သိက္ခာကျဆင်းစေဖို့အတွက်သော်လည်းကောင်း ဝေဖန်စကားတွေပြောဆိုတတ်ကာ ကိုယ်နဲ့အငြင်းအခုန်ပြုလုပ်တတ်ကြပါတယ်။

အဲဒီလိုအခြေအနေနဲ့ ကြုံတွေ့လာတဲ့အခါ ကိုယ့်ရဲ့စိတ်ထဲ အရှိအတိုင်းအပြင်းအထန်ပြန်တုန့်ပြန်ချင်ပေမယ့် ဘာမှမတုန့်ပြန်ဘဲပစ်ထားလိုက်ခြင်း သို့မဟုတ် အကောင်းအမြင်နဲ့ “အခုလိုဝေဖန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့သာ တုန့်ပြန်ပြီး အငြင်းအခုန်ဖြစ်ပွားခြင်းရဲ့ လမ်းစကို ကြိုတင်ဖြတ်တောက်လိုက်သင့်ပါတယ်။

pixabay

ဘာကြောင့်လည်းဆိုတော့ သင်ဟာ မကောင်းစိတ်နဲ့အငြင်းအခုန်လုပ်ဖို့ ဝေဖန်လာတဲ့လူတွေထက် အသိဥဏ်ပိုရှိနေလို့ပါပဲ။ နောက်တစ်ချက်အနေနဲ့ အငြင်းအခုန်ဖြစ်စေတဲ့ စကားလုံးမျိုးနဲ့ သင်ထိပ်တိုက်တွေ့လာတဲ့အခါ လူတစ်ယောက်ရဲ့ တုန့်ပြန်ချက်က စာရေးပြီးပြန်ပြောတာနဲ့ စကားပြောရင်း စကားနဲ့ပြန်တုန့်ပြန်တာမျိုးနဲ့ အခြေအနေတော်တော်လေးကို ကွာခြားပါတယ်။

READ
ကမ္ဘာရဲ့ဘယ်အရပ်မှာမဆိုတွေ့ရဖို့မရှိဘဲ ဂျပန်နိုင်ငံမှာသာတွေ့ရမယ့်ဓလေ့တွေ

ဥပမာဆိုပါစို့။ ကိုယ့်ကို Facebook ပေါ်ကနေ အငြင်းအခုန်လာလုပ်တဲ့အခါ ကိုယ်နဲ့သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ထိုလူနဲ့ကိုယ်နဲ့ကြားမှာ လတ်တလော physical contact မရှိနေပါဘူး။ အဲဒီအချိန်မှာ ကိုယ့်စိတ်ထဲမှာရှိနေတဲ့အတိုင်း စာစာချင်းတုန့်ပြန်လိုက်တဲ့အခါ ပြင်းထန်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အကယ်၍ သင်ဟာ သင့်ကိုတမင်လာပြီး အငြင်းအခုန်ပြုလုပ်တဲ့လူနဲ့ ဖုန်းဖြင့်ဖြစ်စေ၊ မျက်နှာချင်းဆိုင်၍ဖြစ်စေ စကားချင်းအငြင်းအခုန်ဖြစ်ကြတဲ့အခါ တစ်ဖက်လူနဲ့ကိုယ့်ကြားက ပတ်သက်မှုကို အနည်းငယ်ချင့်ချိန်သောအားဖြင့် စိတ်ထဲမှာရှိတဲ့အတိုင်းမဟုတ်ဘဲ အပျော့ဆုံးနည်းလမ်းနဲ့တုန့်ပြန်ခြင်း သို့မဟုတ် လျှောချခြင်းကိုကို ပြုလုပ်တတ်တာကြောင့်ပါ။

အပေါ်ကနှစ်ချက်ဟာ ထင်မြင်ယူဆချက်မဟုတ်ဘဲ UC Berkeley နဲ့ University of Chicago တို့မှ သုသေတီတို့ရဲ့ လေ့လာတွေ့ရှိချက်တွေဖြစ်ပါတယ်။ ဆိုလိုချင်တာ ကျွန်တော်တို့ရဲ့တုန့်ပြန်ချက်တွေဟာ အငြင်းပွားဖွယ်ရာ ခေါင်းစဉ်ချင်း စကားချင်းတူနေသော်လည်း အရေးလား အပြောလားဆိုတာအပေါ်မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။

သုတေသီများဟာ လူအယောက် (၃၀၀) လောက်ကို စစ်ပွဲအကြောင်း၊ ကိုယ်ဝန်ဖျက်ချခြင်းအကြောင်းတို့လို hot အဖြစ်ဆုံး ခေါင်းစဉ်တွေအပေါ် ငြင်းခုန်ထားတဲ့စကားတွေကို အရေးအသား၊ ရုပ်ပါပါတဲ့ဗီဒီယိုနဲ့ အသံချည်းသွင်းထားတဲ့ အသံဖိုင်စတဲ့ မတူညီတဲ့အမျိုးအစား (၃) မျိုးကိုခွဲကာ ကြည့်စေခဲ့ပါတယ်။

READ
စိတ်မာသလိုလိုနဲ့ နူးညံ့တဲ့စိတ်လည်း ရှိနေသူတွေရဲ့ အကျင့်လေးများ

ဗီဒီယိုကြည့်သူတွေနဲ့ အသံဖိုင်နားထောင်သူတွေကို ဒီအငြင်းပွားမှုနဲ့ပတ်သက်ပြီး ဘယ်လိုသဘောရသလဲဆိုတာ မေးကြည့်လိုက်တဲ့အခါမှာတော့ များသောအားဖြင့် သိပ်နားမလည်တာတွေ၊ စိတ်မဝင်စားတာတွေနဲ့ တိတိကျကျအဖြေမရခဲ့ပါဘူး။ သို့ပေမယ့် စာဖတ်သူတွေအနေနဲ့ကတော့ အငြင်းအခုန်ပေါ်မှာ ကိုယ်နဲ့မသက်ဆိုင်ပေမယ့်လည်း ကိုယ်ကိုယ်တိုင်လိုက်ပါစီးမျောပြီး ဟုတ်တယ်မဟုတ်ဘူးဆိုတာကို ချက်နဲ့လက်နဲ့ တိတိကျကျပြောနိုင်ကြတာကို တွေ့ရပါတယ်။

pixabay

စိတ်ကျန်းမာရေးအခြေအနေအရ ကြည့်မယ်ဆိုလျှင်လည်း မသိစိတ်ကနေ ကိုယ်ပါလိုက်ပြီး ငြင်းခုန်နေရတဲ့အတွက် နားထောင်သူနဲ့ ကြည့်ရှုသူတွေရဲ့စိတ်လောက် ပေါ့ပေါ့ပါးပါးဖြစ်မနေခဲ့ပါဘူး။

အချုပ်အားဖြင့်ကတော့ စာရေးရင်း အငြင်းအခုန်ပြုလုပ်ခြင်းဟာ စိတ်ပင်ပမ်းမှုကို ပိုဖြစ်စေပြီး လူမှုရေးအရကြည့်မယ်ဆိုလျှင်လည်း တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်န်ွယ်မှုကို ပိုတင်းကြပ်သွားစေပါတယ်။ ဒါကြောင့် ငြင်းခုန်မယ်ဆိုလျှင် ပါးစပ်ပြောစကားဖြင့်သာ အငြင်းအခုန် ပြုလုပ်သင့်တယ်လို့ သုတေသီများကဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဒါကြောင့် Facebook ပေါ်မှာလည်း ကိုယ့်ဆီကို တိုက်ရိုက်လာတဲ့ ဝေဖန်ငြင်းခုန်မှုစကားလုံးအပြင်းစားတွေကို စိတ်အနှောက်ယှက်ခံပြီး လိုက်တုန့်ပြန်နေမယ့်အစား အသိဥာဏ်ရှိစွာဖြင့် ဂရုလုံးဝမစိုက်လိုက်တာပဲ ဖြစ်ဖြစ်၊ “ကျေးဇူးတင်ပါတယ်” လို့ ပြန်တုန့်ပြန်တာပဲဖြစ်ဖြစ် ပြုလုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Penny

SHARE