စေတနာမှန်ရင် ယခုဘ၀မှာပဲ လက်ငင်းအကျိုးထူးရတာကို မြင်တွေ့ရတဲ့အဖြစ်

ကြင်နာတတ်တဲ့ အသက်(၇၁) နှစ်အရွယ် အဖွားအိုတစ်ဦးဟာ ဆိုင်ကလုန်းအီဒိုင် ဒုက္ခသည်တွေကို စာနာသနားတဲ့အတွက် (၁၀) မိုင်ကျော်ကြာ လမ်းလျှောက်ပြီး အကူအညီသွားပေးခဲ့ပါတယ်။ အဖွားအိုနာမည်ကတော့ ပလာစီးဒက်စ်ဒီလွန်ဆိုသူဖြစ်ပါတယ်။ သူမဟာ သူမရဲ့ နေအိမ်ကနေ (၁၀) မိုင်လောက်ဝေးတဲ့ ဘုရားကျောင်းဆီ ခြေလျင်သွားပြီး အ၀တ်အထည်တွေ သွားရောက်လှူဒါန်းခဲ့တာပါ။

EPA

ပလာစီးဒက်စ်ဟာ ရေဒီယိုကနေတဆင့် ဆိုင်ကလုန်းအီဒိုင်ကြောင့် လူပေါင်း(၇၀၀) ကျော် သေကြေပျက်စီးခဲ့တာကို ကြားသိခဲ့ရတာပါ။ ပလာစီးဒက်စ်က အ၀တ်အထည်တွေ ရောင်းချပါတယ်။ တစ်နေ့တာ အ၀တ်အထည်တွေ ရောင်းချလို့အပြီးမှာ ရေဒီယိုကနေ ဆိုင်ကလုန်းသတင်းကြားတဲ့အတွက် သူမရောင်းချမယ့်အ၀တ်တွေကို ထုတ်ပိုးပြီး လှူဒါန်းဖို့ဆုံးဖြတ်ခဲ့တာပါ။

အခုတွေ့ရတဲ့ ဓာတ်ပုံကတော့ ဘုရားကျောင်းမှာရှိတဲ့ လုပ်အားပေးအဖွဲ့တွေက ပလာစီးဒက်စ်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ။ ပလာစီးဒက်စ်ရဲ့ ဦးခေါင်းပေါ်မှာတော့ အိတ်ကြီးတစ်အိတ်ကို တွေ့ရမှာဖြစ်ပါတယ်။ သူမက သူမနေတဲ့ နေရာကနေ ဘုရားကျောင်းဆီ လာဖို့အတွက် ဘတ်စ်ကားခတောင် မတတ်နိုင်တာကြောင့် ခြေလျင်လမ်းလျှောက်လာခဲ့ရကြောင်းလည်း သိရပါတယ်။ ဒုက္ခသည်တွေကို အကူအညီဖြစ်ပါစေတော့ဆိုတဲ့စိတ်နဲ့ ကားခမရှိတာတောင် လမ်းလျှောက်လာပြီး အ၀တ်လှူခဲ့တဲ့ ပလာစီးဒက်စ်ရဲ့ အကြောင်းဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားခဲ့ပါတယ်။

READ
အခြားလူတစ်ယောက်ပုံစံ ပြောင်းသွားသလိုမျိုး ကိုယ်အလေးချိန်ကို ချပစ်ခဲ့တဲ့ လူငယ်လေး

သူမရဲ့ အကြောင်းကို အချမ်းသာဆုံး ဇင်ဘာဘွေသူဌေးကြီးတစ်ဦးဖြစ်တဲ့ စထရိုက်ဗ်မာစီရီဝါက သတိပြုမိသွားခဲ့ပါတယ်။ စထရိုက်ဗ်က ပလာစီးဒက်စ်ကို အိမ်တစ်လုံး ဆောက်ပေးမည်ဖြစ်ကြောင်းနဲ့ နိုင်ငံထဲ သူမ နေချင်တဲ့နေရာကိုသာ ပြောပါလို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်က နွမ်းပါးပေမယ့် လူတွေ တကယ်အခက်အခဲဖြစ်နေချိန်မှာ ကူညီပေးတဲ့ အဖွားအိုကို ကြည်ညိုလေးစားတဲ့အနေနဲ့ တစ်သက်တာမှာသုံးဖို့ တစ်လကို ဒေါ်လာ(၁) ထောင် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စထရိုက်ဗ်က ကတိပေးခဲ့ပါသေးတယ်။

Forbes

စထရိုက်ဗ်က သူ့ရဲ့ ဖေ့စ်ဘုတ်ပို့စ်မှာ “သူမ လုပ်ခဲ့တာဟာ ကျွန်တော့်အသက်တာမှာ အမှတ်အရဆုံးဖြစ်စေမယ့် စိတ်လှုပ်ရှားဖွယ်ရာ လုပ်ဆောင်မှုပါပဲ။ မုန်တိုင်းကိစ္စပြီးသွားတဲ့အခါ ဖြစ်နိုင်ရင် သူမကို ကျွန်တော့်အိမ်ကို ခေါ်တွေ့မှာပါ။ သူမနဲ့အတူ ဘုရားဆုတောင်းမယ်။ သူမကို အိမ်ဆောက်ပေးမယ်။ ဇင်ဘာဘွေနိုင်ငံထဲမှာ သူမ ကြိုက်တဲ့နေရာကို ရွေးချယ်ပါစေ။ ကျွန်တော်အိမ်ဆောက်ပေးမယ်။ အဲဒီအိမ်မှာလည်း ရေမီးအပြည့်အစုံရှိစေရမယ်။ သူမ အသက်ရှင်နေသရွေ့ တစ်လကို ဒေါ်လာတစ်ထောင်လည်း ကျွန်တော်ထောက်ပံ့မယ်..” လို့ အခုလို ရေးသားခဲ့တာ ဖြစ်ပါတယ်။ လူတစ်ဦးဟာ သတ္တ၀ါတွေအပေါ်မှာ သန့်ရှင်းသောစိတ်ထားရှိခဲ့ရင် ယခုဘ၀မှာပဲ ချက်ခြင်းလက်ငင်း အကျိုးထူးပေးတတ်တာကို အဖွားအို ပလာစီးဒက်စ်ရဲ့ အဖြစ်လေးကနေ ကြည်နူးဖွယ် သိရှိရပါတယ်။

READ
ဆိုင်ကိုလာတဲ့ မသန်စွမ်းအမျိုးသမီးရဲ့ အပြုအမူကြောင့် အံ့အားသင့်ခဲ့ရတဲ့ ဆိုင်ရှင်

လင်းလင်း (ShweMom)

Ref: dailymail

SHARE