ချီတာတွေကြား ၀င်အိပ်နိုင်တဲ့အထိ အသားစားသတ္တ၀ါကြီးတွေနဲ့ ရင်းနှီးနေတဲ့ အမျိုးသမီး

instagram/kristenkerrafrica

ခွေး၊ ကြောင်၊ ဟမ်းစတား၊ ပူး၊ ရွှေငါးစတာတွေက လူအများစု မွေးကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေပါ။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ခရစ္စတန်ကားရ်ကတော့ ချီတာ (၃) ကောင်ကို သူမရဲ့ မိသားစုဝင်တွေအဖြစ် မှတ်ယူပြီး မွေးထားတယ်လို့ storypick သတင်းအရ သိရပါတယ်။ ခရစ္စတန် ကိုယ်တိုင်ဟာ တောင်အာဖရိကက တိရစ္ဆာန်ဘေးမဲ့ဂေဟာတစ်ခုမှာ မွေးဖွားခဲ့တာပါ။

သူမရဲ့ မိခင်ဖြစ်သူက သူမကိုမီးဖွားခါနီး ဘေးမဲ့ဂေဟာမှာ လာနေထိုင်ခဲ့တာပါ။ ခရစ္စတန်ဟာ သူမဘ၀တစ်လျှောက်လုံး တိရစ္ဆာန်တွေနဲ့ပဲ နေခဲ့ရပြီး အိမ်မှာပဲ ကျောင်းတက်ခဲ့ပါတယ်။ အသက်အရွယ်ရလာတဲ့အခါမှာတော့ အပြင်မှာ ရုံးအလုပ်ရခဲ့ပါသေးတယ်။ ဒါပေမယ့် ခရစ္စတန်က တစ်နေကုန် ကွန်ပြူတာ နောက်မှာ တကုတ်ကုတ်လုပ်နေရတာကို စိတ်တိုင်းမကျပါဘူး။

သူမမွေ့လျော်တဲ့နေရာက ဘေးမဲ့တောမှာပဲ ဖြစ်ပါတယ်။ ကြောင်ကြီးမျိုးနွယ်ဝင်တွေနဲ့နေရတာ၊ လက်နှစ်ဖက်လုံး ညစ်ညစ်ပတ်ပတ်နဲ့ တိရစ္ဆာန်ကြီးတွေရဲ့ လှောင်အိမ်ကို သန့်ရှင်းရေးလုပ်ရတာမျိုးတွေကို ခရစ္စတန်က ပိုနှစ်သက်ပါတယ်။ ဒါကြောင့်နောက်ပိုင်း သူမကိုယ်တိုင် ရုံးအလုပ်ကထွက်ပြီး သူမကို မွေးခဲ့တဲ့ ဘေးမဲ့ဂေဟာမှာပဲ အလုပ်ပြန်ဝင်ခဲ့ပါတယ်။

အခုဆိုရင် ခရစ္စတန်က ချီတာ (၇) ကောင်ကို ကြည့်ရှုစောင့်ရှောက်နေပါတယ်။ ချီတာတွေအပြင် သစ်ကုလားအုတ်တွေ၊ မြွေပါတွေ၊ မီးရားကတ်တွေနဲ့ မြင်းကျားတွေကိုလည်း စောင့်ရှောက်နေပါသေးတယ်။ “ကျွန်မ ဖေဖေ ဘယ်ရီက ခြင်္သေ့နဲ့ တခြားကြောင်ကြီးတွေကို မွေးထားပါတယ်။ ဘေးမဲ့တောနဲ့ ပတ်သက်လို့ အရာတော်တော်များများကို ဖေဖေ့ဆီက သင်ယူရပါတယ်။ နောက်ပြီးတော့ ဂေဟာက လုပ်အားပေးတွေကိုလည်း ကျွန်မက ပြန်သင်ပေးရတယ်…” လို့ ခရစ္စတန်က ပြောပြပါတယ်။

ခရစ္စတန်နဲ့ ချီတာကြီးတွေရဲ့ သံယောဇဉ်ကလည်း မသေးလှပါဘူး။ “တစ်ခါတစ်လေ ချီတာတွေက အရိုင်းသတ္တ၀ါတွေဆိုတာ ကျွန်မ မေ့နေတယ်။ သူတို့ကို အိမ်မွေးကြောင်လေးတွေလို့ပဲ ကျွန်မက ယူဆပါတယ်။ ဒီစကားပြောလို့ ရူးတယ်လို့ ထင်ရင်ထင်ကြလိမ့်မယ်။ ဒါပေမယ့် ကျွန်မ ပါးစပ်ကနေ စကားတစ်ခွန်းမှ မဆိုရပဲ တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တယ်။ ပြောရရင်တော့ လက်ဟန်ခြေဟန်၊ ကိုယ်အမူအရာတွေနဲ့ သူတို့ကို ဆက်သွယ်တာပေါ့။ ကိုယ်က သူတို့ရဲ့ အမူအရာကို ဖတ်ရင် ဖတ်နိုင်သလောက် သူတို့ကလည်း လူ့အမူအရာကို ပြန်ဖတ်နိုင်တယ်…”

ခရစ္စတန်ဟာ ချီတာ (၃) ကောင်ကိုတော့ သားပေါက်လေးတွေ အရွယ်ကတည်းက ပြုစုယုယခဲ့တာဖြစ်ပါတယ်။ ခရစ္စတန်ကတော့ အရမ်းကို ထူးခြားလွန်းတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။ သူမဟာ ဒီချီတာတွေနဲ့ ကြမ်းတစ်ပြေးတည်းအိပ်တာ၊ နမ်းတာမျိုးတွေကိုလည်း ပြုလုပ်နိုင်တဲ့အပြင် တစ်ခါတစ်လေ လှောင်အိမ်ထဲ ချီတာတွေနဲ့ အတူဝင်အိပ်တာမျိုးတွေထိတောင် ပြုလုပ်နိုင်တယ်လို့လည်း သိရပါတယ်။

READ
အချစ်မှာ ရုပ်ရည်မလိုကြောင်းသက်သေပြခဲ့တဲ့ ကမ္ဘောဒီးယားစုံတွဲ

လင်းလင်း (ShweMom)

 

SHARE