လူတော်တော်များများဟာ အစားအသောက်တွေမကုန်တဲ့အခါ ကျန်တာကို ရေခဲသေတ္တာထဲထည့်ပြီး နောက်နေ့မှ အပူပေးပြန်နွှေးစားလေ့ရှိပါတယ်။ ဒါပေမဲ့ ရေခဲသေတ္တာထဲထည့်ထားတဲ့ အစားအသောက်တိုင်းဟာ ပြန်နွှေးစားတဲ့အချိန်မှာ လတ်ဆတ်နေမယ် အန္တရာယ်မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ အမျိုးသမီးတစ်ယောက်ဟာ ကော်ပြန့်ကြော်တွေကို ရေခဲသေတ္တာထဲထည့်သိမ်းပြီး စားရာမှ အသက်ဆုံးရှုံးသွားခဲ့ကြောင်း rachfeed သတင်းစာမျက်နှာအရ သိရပါတယ်။
အဆိုပါ အမျိုးသမီးဟာ ထိုင်းနိုင်ငံမှာနေထိုင်သူဖြစ်ပြီး (၅) နှစ်အရွယ် ကလေးတစ်ယောက်မိခင်ဖြစ်ပါတယ်။ သူမအမျိုးသားဖြစ်သူ ပြောကြားချက်အရ သူတို့လင်မယားနှစ်ယောက်ဟာ ရေခဲသေတ္တာထဲ (၃) ရက်ကြာသိမ်းထားတဲ့ကော်ပြန့်တွေကို အပူပေးပြီးနွှေးစားခဲ့တယ်ဆိုပါတယ်။ အဲ့ဒီကော်ပြန့်ကြော်တွေကိုတော့ လမ်းဘေးဈေးဆိုင်က ဝယ်လာတာဖြစ်ပါတယ်။

ထမင်းစားပြီးလို့ နှစ်ယောက်သားတီဗီကြည့်နေချိန် အမျိုးသမီးဟာ ရေအိမ်သွားခဲ့ပါတယ်။ တစ်နာရီလောက်ကြာတဲ့အထိ ပြန်ထွက်မလာတော့ အမျိုးသားဖြစ်သူဟာ ရေအိမ်ကိုလိုက်သွားရာကနေ မျက်နှာမှာ အန်ဖတ်တွေနဲ့အတူ လဲကျနေတဲ့ ဇနီးသည်ကိုတွေ့လိုက်ရပါတယ်။ ၄င်းအမျိုးသားဟာ လူနာတင်ကာခေါ်ထားတဲ့အချိန် ဇနီးသည်ကို CPR နည်းနဲ့ကုသခဲ့ပါသေးတယ်။ ဒါပေမဲ့ အရမ်းနောက်ကျသွားပါပြီ။ အမျိုးသမီးဟာ အစာအဆိပ်သင့်ပြီး ရေဓာတ်ခမ်းခြောက်သွားမှုကြောင့်ပဲ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။
ရေခဲသေတ္တာထဲမှာ အစားအသောက်တွေကိုတာရှည်ခံထားနိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့လည်း ရေခဲသေတ္တာထဲမထည့်ခင်မှာ အစားအစာရဲ့လတ်ဆတ်မှု၊ ရေခဲသေတ္တာတွင်း အပူချိန်၊ အစားအသောက်အမျိုးအစား၊ ကိုယ်သိမ်းထားတဲ့ အစားအစာရဲ့လတ်ဆတ်မှုကို ထိခိုက်စေနိုင်တဲ့ အခြားပစ္စည်းတွေ ရေခဲသေတ္တာထဲရှိမရှိကိုလည်း ကြည့်ရပါသေးတယ်။ FDA Food Code ကတော့ ပြင်ဆင်ထားပြီးတဲ့ အဖုံးဖွင့်ထားပြီးတဲ့ အစားအသောက်တွေကို ရေခဲသေတ္တာထဲမှာ အများဆုံး ၇ရက်ပဲ သိမ်းပြီးစားသုံးသင့်ကြောင်း ဆိုပါတယ်။
လင်းလင်း (ShweMom)