
တောင်တစ်တောင်ကို တက်ဖို့ဆိုတာ အင်မတန်ကို အန္တရာယ်များတဲ့ စွန့်စားမှုတစ်ခုပါပဲ။ အခန့်မသင့်လို့ ခြေချော်ကျသွားရင် အသက်ဆုံးရှုံးတဲ့အထိပါ ဖြစ်ပွားနိုင်ပြီး အသက်ရှင်ခဲ့ရင်တောင်မှ လူကောင်းတစ်ယောက်လို နေနိုင်ဖို့ဆိုတာ တော်တော်လေးခက်ခဲပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသမီးတစ်ယောက်ကတော့ တစ်ကယ့် အာဂသတ္တိခဲပါပဲ။ အမေရိကန်နိုင်ငံရှိ El Captain တောင်ကြီးကို ၂၄ နာရီအတွင်း လက်ချည်းဗလာသက်သက် တက်ပြခဲ့ပြီး El Captain တောင်ကို တက်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဦးဆုံး အမျိုးသမီးတစ်ယောက်အဖြစ်ပါ မှတ်တမ်းဝင်ခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အဆိုပါ အမျိုးသမီးကတော့ တောင်တက်အမျိုးသမီးတစ်ယောက်ဖြစ်သူ Emily Harrington အမည်ရ အမျိုးသမီးပဲ ဖြစ်ပါတယ်။ Emily တစ်ယောက် တက်ခဲ့တဲ့ တောင်ကတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Yosemite National Park ထဲမှာ တည်ရှိတဲ့ ပေ ၃,၀၀၀ ကျော်မြင့်တဲ့ El Captain တောင်ကြီးပဲ ဖြစ်ပါတယ်။ သာမန် တောင်တက်သမားတစ်ယောက်ဆိုရင်တော့ တောင်ထိပ်ကနေ ကြိုးချပြီး အဲဒီကြိုးအကူအညီနဲ့ တောင်တက်လေ့ ရှိပါတယ်။ ဒါပေမယ့် Emily ကတော့ ခါးမှာ အသက်ကယ်ကြိုးတစ်ကြိုးသာ ချိတ်ဆွဲခဲ့ပြီး လက်ချည်းဗလာသက်သက်နဲ့ တောင်တက်ခဲ့တာ ဖြစ်ပါတယ်။ Emily ဟာ အဆိုပါ El Captian တောင်ကို ၂၁ နာရီ၊ ၁၃ မိနစ်နဲ့ ၅၁ စက္ကန့်အတွင်း တက်ခဲ့ကာ El Captain တောင်ကို လက်ချည်းဗလာသက်သက် တက်ခဲ့တဲ့ အမျိုးသမီး တစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။
“ El Captain တောင်က တက်ရတာ တော်တော်လေးခက်ခဲပါတယ်။ ပိုမြင့်တဲ့ နေရာရောက်လေ ပိုအေးလာလေဖြစ်ပြီး လက်တွေတောင် တော်တော်လေး ထုံကျင်နေခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် တောင်ထိပ်ကို ရောက်အောင်တက်နိုင်ခဲ့တဲ့အတွက် တော်တော်လေးကို ဝမ်းသာ ပျော်ရွှင်မိပါတယ်။ ကျွန်မအဓိက ပေးချင်တဲ့ message ကတော့ အမျိုးသမီးတစ်ယောက်ဟာ မလုပ်နိုင်တာ ဘာမှမရှိပါဘူး။ ဒီဖက်ခေတ် အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ဘယ်နေရာမှာမဆို ရင်ဘောင်တန်းနိုင်ပြီး တစ်ချို့နေရာတွေမှာ သာမန်အမျိုးသားတွေ မလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်နိုင်တယ်ဆိုတယ သက်သေပြချင်ရုံသက်သက်ပါ”လို့ Emily က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw