
အနုပညာဖန်တီးမှုဆိုတာ လွယ်လွယ်နဲ့ ဖန်တီးယူလို့ရတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ကိုယ်ဖန်တီးချင်တဲ့ အနုပညာအပေါ် ရူးသွပ်ရမယ်၊ ဈာန်ဝင်စားရမယ်၊ တစ်ကယ့် ကိုယ့်စိတ်စိတ်ရင်းအမှန်နဲ့ မြတ်နိုးတတ်ရမယ် အစရှိသလို စိတ်ထားနိုင်မှ အများနဲ့မတူတဲ့ အနုပညာဖန်တီးမှုမျိုးတွေ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ အနုပညာရှင်အမျိုးသမီးကတော့ တော်တော်လေးကို ပြောင်မြောက်တဲ့ အနုပညာရှင်တစ်ဦးပါပဲ။ ဘာကြောင့်လဲဆိုတော့ သူမဟာ သစ်ရွက်တွေနဲ့ ပန်းပွင့်ဖတ်တွေကို အသုံးပြုပြီး အရမ်းကို လှပအသက်ဝင်နေတဲ့ ငှက်ကလေးတွေရဲ့ပုံကို ဖန်တီးနေလို့ပဲ ဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
သူမကတော့ Bullen-Ryner လို့ အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။ အမှန်တစ်ကယ်တော့ Bullen ရဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်ဟာ ဓာတ်ပုံဆရာတစ်ယောက်ပဲ ဖြစ်ပါတယ်။ Bullen ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစပြီး မိခင်သဘာဝတရားကြီးကို သေသေချာချာ ချစ်မြတ်နိုးတတ်လာပြီး မိခင်သဘာဝတရားကြီးက ရတဲ့ အရာတွေနဲ့ လောကကြီးကို အလှဆင်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ဒီလိုနဲ့ Bullen ဟာ တစ်ရက်မှာတော့ စိတ်ကူးလေးတစ်ခုရခဲ့ပြီး သူမရဲ့ စိတ်ကူးလေးကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပါတယ်။
အဲဒါကတော့ သဘာဝတရားကြီးက ရတဲ့ အရာတွေဖြစ်တဲ့ သစ်ရွက်၊ သစ်ကိုင်းခြောက်၊ ဘယ်ရီသီးလေးတွေနဲ့ ပန်းပွင့်ဖတ်တွေကို အသုံးပြုပြီး ငှက်ပုံစံလေးတွေ ပုံဖော်တာပဲ ဖြစ်ပါတယ်။ ထူးခြားတာ တစ်ခုကတော့ Bullen ဖန်တီးတဲ့ ငှက်ပုံစံလေးတွေဟာ တော်တော်လေးကို အသက်ဝင်ပြီး လှပသေသပ်လွန်းတာပါပဲ။ ငှက်လေးတွေရဲ့ မျက်လုံးကိုတော့ မားသောအားဖြင့် အနက်ရောင်ဘယ်ရီသီးသုံးပြီး ပုံဖော်လေ့ရှိသလို ငှက်ရဲ့ ခန္ဓာကိုယ်ကိုတော့ သစ်ရွက်သေးသေးလေးတွေသုံးပြီး ပုံဖော်လေ့ရှိပါတယ်။
“ကျွန်မကတော့ အဲဒီပုံလေးတွေကို ပုံဖော်နေရရင် အရမ်းကို ပျော်ရွှင်ပါတယ်။ ဒီလိုပုံလေးတွေဖန်တီးတဲ့အချိန်ကျရင် စိတ်က အရမအ်းကို လွတ်လပ်ပေါ့ပါးပြီး ပျော်နေတတ်ပါတယ်။ အဓိကကတော့ မိခင်သဘာဝတရားကြီးကို အလှဆင်ဖို့အတွက် သူပေးတဲ့ အရာတွေနဲ့ သူ့ကို ပြန်ပြီး အလှဆင်ပေးချင်တာပါ။ အဲဒီလို ပုံဖော်ပြီးသွားတဲ့အချိန်တိုင်း ကိုယ်လုပ်ခဲ့တဲ့ အရာလေးကိုကြည့်ပြီး ပျော်ရွှင်ရတဲ့ ခံစားမှုမျိုးက ဘာနဲ့မှ မတူပါဘူး”လို့ Bullen က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw