စေ့စပ်လက်စွပ်ကို ဗိုက်ထဲမြိုချတယ်လို့ အိပ်မက်မက်ရာမှ တကယ်လည်း မြိုချခဲ့တဲ့ အမျိုးသမီး

facebook/Jenna Evans

လူတိုင်းအိပ်မက်မက်တတ်ကြပေမယ့် တော်တန်ရုံလူကတော့ အိပ်မက်ထဲကအတိုင်း ထပ်တူလိုက်ပြီး ပြုလုပ်လေ့မရှိပါဘူး။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေးဂိုးမြို့မှာနေထိုင်တဲ့ ဂျန်နာအီဗန်အမည်ရတဲ့ အမျိုးသမီးတစ်ဦးကတော့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူမဟာ သူမရဲ့ စေ့စပ်လက်စွပ်ကို ၀မ်းထဲ မြိုချခဲ့တယ်လို့ အိပ်မက်မက်နေခဲ့ရာမှ အပြင်မှာလည်း တကယ်မြိုချပစ်ခဲ့တာ ဖြစ်ပါတယ်။

facebook/Jenna Evans

သူမရဲ့ အကြောင်းကိုတော့ ladbible သတင်းစာမျက်နှာကနေ တွေ့ရှိလာခဲ့ရတာပါ။ အသက်(၂၉) နှစ်ရှိပြီဖြစ်တဲ့ ဂျန်နာက တစ်နေ့ အိပ်မက်မက်ပါတယ်။ အိပ်မက်ထဲမှာ သူမနဲ့ သူမရဲ့ချစ်သူ ဘော့ဘ်ဟာ ရထားစီးနေတာပါ။ မကြာခင် လူဆိုးတွေနဲ့ တွေ့ပါတယ်။ ဒီတော့ ဘော့ဘ်က သူပေးထားတဲ့ စေ့စပ်လက်စွပ်ကို လူဆိုးတွေယူသွားလိမ့်မယ်၊ မြိုချထားလိုက်ဆိုပြီး ပြောတာကြောင့် ဂျန်နာလည်း တစ်ခါတည်း မြိုချပစ်လိုက်ပါတယ်။ နောက်တစ်နေ့မနက် သူမနိုးလို့ လက်မှာဝတ်ထားတဲ့ လက်စွပ်ကို ကြည့်လိုက်တော့ မရှိတော့ပါဘူး။ ဒါနဲ့ လက်စွပ်က ဘယ်ရောက်သွားပါလိမ့်လို့ စဉ်းစားရင်း ဘော့ဘ်နဲ့ သူမရဲ့ မိခင်ကို အိပ်မက်အကြောင်း ဂျန်နာက ပြောပြလိုက်ပါတယ်။ အိပ်မက်က ရယ်စရာကောင်းလွန်းလို့ ပြန်ပြောရင်းတွေးရင်း ရယ်နေကြတုန်း လက်စွပ်က တကယ်ပဲ ဗိုက်ထဲရောက်နေသလားဆိုတာ သိရဖို့ ဆေးရုံမှာ ဓာတ်မှန်သွားရိုက်ကြဖို့ စိတ်ကူးရခဲ့ကြပါတယ်။

READ
တစ်နှစ်ဝင်ငွေ ပေါင်(£190,000)ရှိတဲ့ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး သန့်ရှင်းရေးဝန်ထမ်း
facebook/Jenna Evans

ဆေးရုံရောက်လို့ ဓာတ်မှန်လည်း ထွက်လာရော အံ့အားသင့်စရာပဲ လက်စွပ်ဟာ ဂျန်နာရဲ့ ၀မ်းဗိုက်ထဲ ရောက်နေခဲ့တာကို တွေ့လိုက်ရပါတော့တယ်။ ဂျန်နာခမျာ အိမ်မှာတုန်းက သူ့အဖြစ်ကို သူသဘောကျပြီး အသားကုန်ရယ်နေခဲ့ရာမှ အခုတော့ လက်စွပ်ကိုဘယ်လိုထုတ်ရမလဲဆိုတာ တွေးပြီး ငိုချင်လာပါတော့တယ်။ သူမက လှူပ်လှူပ်ရှားရှားရှိတဲ့အတွက် လက်စွပ်ဟာ ၀မ်းထဲမှာ လှိမ့်နေပုံရပါတယ်။ ဗိုက်ကလည်း တကယ်ပဲ နာလာပါတယ်။

facebook/Jenna Evans

ဆရာဝန်တွေက ဂျန်နာကို ၀မ်းနှူတ်ဆေးကျွေးပြီး လက်စွပ်ပြန်ထုတ်ဖို့ စိတ်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့် အဆင်မပြေတာကြောင့် အစာအိမ်ထဲ ကင်မရာနဲ့မှန်ပြောင်းထည်းကြည့်တဲ့နည်း upper endoscopy ကို အသုံးပြုပြီး လက်စွပ်ကို ထုတ်ခဲ့ရပါတယ်။ အစာအိမ်ထဲ မှန်ပြောင်းထည့်ပြီး လက်စွပ်မရှာခင်မှာလည်း တစ်စုံတစ်ခုဖြစ်ခဲ့ရင် ကာယကံရှင်ရဲ့ သဘောဆန္ဒအလျောက်သာဖြစ်ပါတယ်ဆိုပြီး အရင်လက်မှတ်ထိုးရတဲ့အချိန်မှာတော့ ဂျန်နာဟာ သူသေသွားရင်ဘယ်လိုလုပ်မလဲဆိုပြီး တော်တော်လေး ကြောက်နေခဲ့ပါသေးတယ်။

READ
ဆေးလိပ်သောက်ခြင်းကို အိမ်တွင်းအကြမ်းဖက်မှုလို့ သတ်မှတ်လိုက်တဲ့ ထိုင်းနိုင်ငံ
facebook/Jenna Evans
facebook/Jenna Evans
facebook/Jenna Evans

ကံကောင်းလွန်းတဲ့ ဂျန်နာဟာ နောက်ဆုံးတော့ သူမလက်စွပ်လေးကို ပြန်လည်ရရှိခဲ့ပါတယ်။ ဆရာဝန်တွေက လက်စွပ်ကို ထုတ်ယူပြီးပြီးချင်း ဘော့ဘ်လက်ထဲကို ထည့်ခဲ့တာပါ။ ဘော့ဘ်က သူ့ဇနီးလောင်းလေးကို တော်ကြာ လက်စွပ်ထပ်ပြီး မြိုချမှာစိုးလို့ ပေးရနိုး မပေးရနိုးဖြစ်နေခဲ့ပေမယ့် ဂျန်နာက နောက်မဖြစ်စေရပါဘူးဆိုပြီး အတင်းပူဆာတဲ့အတွက် လက်စွပ်ပြန်ပေးလိုက်ရကြောင်းလည်း သိရပါတယ်။

facebook/Jenna Evans

လင်းလင်း (ShweMom)

SHARE