အနီရောင်စက်ဘီးတစ်စီးက အစပြုတဲ့ သူစိမ်းနှစ်ဦးကြားက ကြည်နူးဖွယ်ဖြစ်ရပ်လေး

Instagram/MeAndVan

အသက်ဘယ်လောက်ပဲ ကြီးလာကြီးလာ၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား တချို့အရာတွေဟာ ဘ၀မှာ မေ့ပျောက်လို့မရပါဘူး။ အထူးသဖြင့် ကိုယ်အဆင်မပြေချိန်၊ ဒုက္ခရောက်နေချိန်မှာ ကိုယ်ပျော်ရွှင်သွားအောင် ကူညီခဲ့ဖူးသူတွေရဲ့ အကြင်နာတရားဟာဆိုရင် ပိုလို့တောင် ဖျောက်ဖျက်လို့ မရနိုင်ပါသေးတယ်။

twitter/Mevan

တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ မီဗန်ဘာဘာကာဟာလည်း မကြာသေးခင်က အွန်လိုင်းပေါ်ကနေ လူတစ်ယောက်ကို ရှာဖွေခဲ့ပါတယ်။ ထိုသူဟာ မီဗန်အသက်(၅) နှစ်အရွယ် ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရစဉ်တုန်းက သူမကို စက်ဘီးတစ်စီးလက်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ မီဗန်ကို အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ မွေးဖွားခဲ့ပြီး သူမဟာ နယ်သာလန်နိုင်ငံ ဇ၀ူးလ်မြို့က ဒုက္ခသည်စခန်းမှာ (၁) နှစ်ကြာနေထိုင်ခဲ့ရဖူးပါတယ်။ မီဗန်နဲ့မိဘတွေဟာ အီရတ်စစ်ဘေးကြောင့် နယ်သာလန်ကို ထွက်ပြေးလာခဲ့ကြတာပါ။

twitter/Mevan

တစ်နေ့မှာတော့ အဲဒီဒုက္ခသည်စခန်းမှာ အလုပ်လုပ်တဲ့လူတစ်ယောက်က မီဗန်အတွက်ဆိုပြီး စက်ဘီးလေးတစ်စီးဝယ်လာခဲ့ပါတယ်။ စက်ဘီးလေးက အနီရောင်တောက်တောက်လေးဖြစ်တဲ့အပြင် သူမအတွက် ရခဲတဲ့ပစ္စည်းလေးဖြစ်တာကြောင့် မီဗန်ဟာ အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။ ဒီအပျော်လေးဟာ ယခုသူမအသက်(၂၉) နှစ်ရောက်တဲ့အထိ အမြစ်တွယ်နေဆဲဖြစ်ပြီး ပြန်တွေးမိတိုင်း ကြည်နူးဆဲဖြစ်တာကြောင့် သူမဟာ စက်ဘီးလက်ဆောင်ပေးခဲ့သူ အမျိုးသားကြီးကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက်ပိုင်း မီဗန်တို့မိသားဟာ နယ်သာလန်ကနေ လန်ဒန်ကို ထွက်ခွာလာတဲ့အခါမှာတော့ စက်ဘီးလေးဟာ နယ်သာလန်မှာပဲ ကျန်ခဲ့တယ်လို့ သိရပါတယ်။

READ
ဆေးလိပ်သောက်မယ့်ငွေတွေကို စုပြီး မိသားစုကို အပျော်ခရီးလိုက်ပို့ခဲ့တဲ့ အမျိုးသား
twitter/Mevan

ကြင်နာသနားတတ်တဲ့ ၄င်းအမျိုးသားကြီးကိုတော့ မီဗန်ဟာ အွန်လိုင်းပေါ်က လူတွေကို အကူအညီတောင်းပြီး ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ မကြာပါဘူး။ မီဗန်ရဲ့ လူပျောက်ရှာတဲ့သတင်းဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားပြီး (၃၆) နာရီအတွင်းမှာပဲ သူမရှာဖွေနေတဲ့သူကို တွေ့ရှိခဲ့ပါတယ်။ ထိုသူဟာ ဂျာမနီမှာနေထိုင်သူ အက်ဂ်ဘာ့ဂ် ဖြစ်တယ်လို့ သိရပါတယ်။

twitter/Mevan

မီဗန်ဟာ အက်ဂ်ဘာ့ဂ်ကို ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ပြီး ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ အက်ဂ်ဘာ့ဂ်ဟာ သစ်ခွတွေ စိုက်ပျိုးသူတစ်ဦးဖြစ်ပါတယ်။ မီဗန်ဟာ အက်ဂ်ဘာ့ဂ်အတွက် အမှတ်တရအဖြစ် အဖိုးကြီးတစ်ဦးက စက်ဘီးစီးနေတဲ့ပို့စ်ကတ်လေးကို လက်ဆောင်ပေးခဲ့ပါသေးတယ်။ မီဗန်ကတော့ သူဟာ အက်ဂ်ဘာ့ဂ်နဲ့ မတွေ့ခင်တုန်းက အရမ်းစိတ်လှုပ်ရှားနေခဲ့ပေမယ့်လည်း နောက်ဆုံးတွေ့တဲ့အခါမှာတော့ အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာ ရှိနေကြောင်း၊ တကယ့်ကို ဆွေမျိုးဟောင်းတွေ ပြန်တွေ့ကြသလိုပဲ ခံစားရကြောင်းလည်း ပြောပြသွားခဲ့တာကို Boredpanda ကနေ တဆင့် သိရှိရပါတယ်။

READ
အကြွင်းမဲ့မေတ္တာတရားရဲ့ အံ့ချီးဖွယ်ကောင်းပုံကို သရုပ်ပေါ်စေတဲ့ ပုံရိပ်များ

လင်းလင်း (ShweMom)

SHARE