အင်္ဂလိပ်ရေလက်ကြားကို (၄)ကြိမ်တိတိ မရပ်မနား ရေကူးဖြတ်ခဲ့တဲ့ ပထမဆုံးလူသား

အမေရိကန်လူမျိုး ဆာရာသောမတ်စ်အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ အင်္ဂလိပ်ရေလက်ကြားကို (၄) ကြိမ်တိုင်တိုင် မရပ်မနား ကူးဖြတ်ခဲ့တဲ့ ပထမဆုံးလူသားအမျိုးသမီး ဖြစ်ပါတယ်။ သူမဟာ ကော်လိုရာဒိုပြည်နယ်မှ  မာရသွန်ရေကူးသမားတစ်ယောက်ဖြစ်ပါတယ်။ ဆာရာဟာ ကင်ဆာဝေဒနာကို အမြစ်ပြတ်တိုက်ခိုက်ပြီးတဲ့နောက် အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ကူးဖို့ သူမရဲ့ဆန္ဒကို အခုလို အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ကြောင်း CNN သတင်းအရ သိရပါတယ်။

တနင်္ဂနွေနေ့ ဗြိတိန်ဒိုဗာဆိပ်ကမ်းကနေ စတင်ရေကူးခဲ့ပြီး နာရီပေါင်း(၅၄) နာရီကျော်ကြာမြင့်တဲ့ ဆာရာရဲ့ ရေကူးခရီးစဉ်ကတော့ အင်္ဂါနေ့မနက် (၆) နာရီခွဲအချိန်မှာ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ကမ်းခြေမှာတော့ သူမကို ချောကလက်၊ ရှန်ပိန်တွေနဲ့ ဧည့်ခံပြီး ချီးမွမ်းစကားဆိုကြမယ့် လူပေါင်းများစွာတို့ကလည်း စောင့်ဆိုင်းနေကြပါတယ်။

twitter/Lewis Pugh

ဆာရာကတော့ “ကျွန်မခန္ဓာကိုယ်က လှုပ်တောင် မလှုပ်ချင်တော့ဘူး။ ဒါပေမယ့် ကျွန်မကို တွေ့ဖို့ စကားပြောဖို့ လူတွေအများကြီးက စောင့်နေကြတယ်လေ။ ကျွန်မကိုယ်ကျွန်မ ခုလို လုပ်နိုင်ခဲ့တယ်ဆိုတာတောင် မယုံနိုင်ပါဘူး။ ကျွန်မအမျိုးသားနဲ့ အဖွဲ့ရဲ့ အားပေးမှုကြောင့်လည်း ခုလိုအောင်မြင်ခဲ့တာပါ…” လို့ ဆိုပါတယ်။ ဆာရာကတော့ ဆားငန်ရေတွေကြောင့် သူမရဲ့အသံတောင် ပျက်စီးခဲ့ရတာကိုလည်း ပြောပြပါသေးတယ်။

READ
ဆွံ့အနားမကြား ဝေဒနာရှင်တွေအတွက် စမတ်လက်အိတ် တီထွင်ခဲ့တဲ့ လူငယ်လေး

သူမက သူမရဲ့ခရီးစဉ်အတွက် အကောင်းဆုံးပြင်ဆင်သွားခဲ့ကြောင်းနဲ့ ရေလက်ကြားထဲမှာရှိတဲ့ ရေစီးကြောင်းတွေ၊ ရာသီဥတုအခြေအနေတွေကိုပါ ခန့်မှန်းတွက်ချက်ခဲ့ကြောင်း ဆိုပါတယ်။ ဆာရာဟာ ရင်သားကင်ဆာအတွက် ဆေးကုသမှုခံယူပြီးတဲ့နောက် တစ်နှစ်အကြာမှာပဲ ခုလို အံ့သြစရာကောင်းလောက်တဲ့ စွန့်စားခန်းကြီးကို ပြုလုပ်ခဲ့တာပါ။ သူမကတော့ သူမရဲ့စွန့်စားခန်းဟာ ကင်ဆာဝေဒနာခရီးရှည်ကြီးကို အခုမှစတင်မယ့်သူတွေအတွက်ရော၊ ကင်ဆာကနေ ပျောက်ကင်းသွားသူတွေအတွက်ရော ခွန်အားဖြစ်စေဖို့ ရည်ရွယ်ကြောင်း ဆိုပါတယ်။

Instagram/aparagsagar

မြောက်ဝင်ရိုးစွန်းကို ပထမဆုံးရေကူးပြီးဖြတ်သန်းခဲ့တဲ့ ရေကူးချန်ပီယံ လူးဝစ်စ်ပူးကတော့ ဆာရာကို စူပါလူသားတစ်ယောက်လို့ သမုတ်ရင်း ချီးကျူးစကားဆိုလိုက်ပါတယ်။ သူကတော့ အင်္ဂလိပ်ရေလက်ကြားကို ကူးဖြတ်ရာမှာ အခက်အခဲကြီး (၅) မျိုးရှိကြောင်း ရှင်းပြရင်း အဲဒီအခက်အခဲတွေကတော့ အအေးဒဏ်၊ ဂျယ်လီငါး၊ သက်လုံနည်းလာခြင်း၊ စိတ်ဓာတ်ကျလာခြင်းနဲ့ ယုံကြည်မှုကင်းမဲ့လာခြင်းတို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆာရာကတော့ ဒါတွေအားလုံးကို ကြံ့ကြံ့ခံကာ ကျော်ဖြတ်လာခဲ့တာပါ။

READ
တစ်ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူ Greta Thunberg အကြောင်း
instagram/iwiltri

ဆာရာဟာ သူမရဲ့ စွန့်စားခန်းမှာ အီလက်ထရိုလိုက်နဲ့ ကဖင်းဓာတ်တွေပါဝင်တဲ့ ပရိုတိန်းသောက်စရာအရည်တွေကို သောက်သုံးပြီး အားဖြည့်ခဲ့ကြောင်း ပြောပြပါသေးတယ်။ စွန့်စားခန်းမစခင်တုန်းက စုစုပေါင်း မိုင်(၈၀) နီးပါး ကူးခတ်ရလိမ့်မယ်လို့ သူမက ခန့်မှန်းထားခဲ့ပေမယ့် တကယ်တမ်းတော့ ရေစီးအခက်အခဲကြောင့် မိုင် (၁၃၀) ကျော်ကူးခတ်ခဲ့ရကြောင်း သိရပါတယ်။ ဆာရာရဲ့ အင်္ဂလိပ်ရေလက်ကြားထဲ သမိုင်းဝင်စွန့်စားခန်းကိုတော့ “The Other Side” အမည်ရတဲ့ documentary အဖြစ် ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE