ကြောင်ကုတ်ခံရလို့ အသက်ဘေးနဲ့နီးသွားခဲ့တဲ့ အမျိုးသမီး

Twiiter/RohdIsland

အသက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်ဟာ သူရဲ့ ကြောင်က လက်သည်းနဲ့ကုတ်တာကို ခံခဲ့ရလို့၊ နှလုံးခုန်ရပ်တန့်ခဲ့ပြီး၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။ သူမမွေးထားတဲ့ Siamese ကြောင်မျိုးစိတ်ဖြစ်တဲ့ Chan အမည်ရ ကြောင်လေးက သူမကို ကုတ်ခဲ့တာပါ။

ကြောင်ကုတ်ဒဏ်ရာကနေ သားစားဘက်တီးရီးယားတွေ ကူးစက်ခံခဲ့ရပါတယ်။ နောက် သူမဟာ နှလုံးခုန် ရပ်သွားတဲ့အထိ ဖြစ်ခဲ့ရတာပါ။ အမျိုးသမီးကြီးရဲ့အမည်ကတော့ Shirley Hair ဖြစ်ပြီး၊ အသက်(၆၅)နှစ် ဖြစ်ပါတယ်။ သူမရဲ့ လက်ခေါက်ကို ကြောင်က ကုတ်လိုက်တာဖြစ်ပြီး၊ ချက်ချင်းရောင်ကိုင်းလာကာ၊ အနီရောင်အဖုကြီး ဖြစ်လာခဲ့ပါတယ်။

ယင်းနောက် လူလည်း မူးနောက်နောက် ဖြစ်လာခဲ့သလို၊ အစာစားချင်စိတ်လည်း ကင်းမဲ့ပြီး၊ ကြွက်သားတွေ နာကျင်ခဲ့ရပါတယ်။ ရက်အနည်းငယ်အကြာမှာ ကြောင်ကုတ်ခံရတဲ့လက် တစ်ဖက်လုံး ရောင်ကိုင်းလာခဲ့ပြီး၊ အရေပြားက သွေးဆိပ်တက်တဲ့လက္ခဏာမျိုး အမည်းရောင်ဖြစ်လာခဲ့ပါတယ်။

သူမကို မိသားစုဝင်တွေက ဆေးရုံအမြန်ဝင်ခဲ့ရာ၊ ရောဂါပိုးဝင်ခြင်း၊ အနာရင်းခြင်း၊ ကိုယ်တွင်းအင်္ဂါရပ်တွေ လုပ်ဆောင်မှု ကမောက်ကမဖြစ်ခြင်းအပြင်၊ အဆုပ်ရောင်ရောဂါ၊ လူကိုသေစေနိုင်တဲ့ အသားစားဘက်တီးရီးယား ကူးစက်ခံရခြင်းစတဲ့လက္ခဏာရပ်တွေ တွေ့ရှိခဲ့ရကြောင်း ဆိုပါတယ်။

ဒေါက်တာတွေဟာ Shirley ရဲ့လက်က ပိုးဝင်နေတဲ့ အသားစတစ်ရှူးတွေကို အမြန်ဆုံးခွဲစိတ်ဖယ်ရှားခဲ့ရပါတယ်။ ဒါတောင်မှ Shirley ဟာ ဆေးရုံမှာ ကိုမာ(၅)ရက် ဝင်နေခဲ့ပါသေးတယ်။ နောက် နှစ်လကြာ အရေးပေါ်စောင့်ကြည့်ရေးဌာနမှာ Shirley ကို ထားရှိခဲ့ရပြီး၊ ဆရာဝန်တွေက Shirley ကို စိတ်ချလက်ချ ရှိနိုင်တဲ့အခြေအနေရောက်မှ နေအိမ်ကို ပြန်ခွင့်ပေးခဲ့တာပါ။ 

Twitter / Rod Island

ကြောင်ကလေး Chen ကို သူမက ဆယ်ပတ်သားအရွယ်မှာ ဝယ်ယူခဲ့တာဖြစ်ပြီး ပေါင်(၄၀၀) ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ အခုတော့ ဒီကြောင်လေးကို သူမ စွန့်လွှတ်တော့မှာပါ။ Shirley ဟာ ဘရစ္စတိုး၊ Winterbourne မှာ ခင်ပွန်း Bob (၆၉)နှစ်နဲ့အတူ နေထိုင်သူဖြစ်ပါတယ်။ ကြောင်ကလေး Chen က စရိုက် ခပ်ကြမ်းကြမ်းကြောင်မျိုးဖြစ်ပြီး၊ အမြဲလိုလို ငွေကုန်ပေါက် ရှာနေတယ်လို့ သူမက ပြောပါတယ်။

သူမကိုလည်း ဘယ်တော့မှ မစာနာသလို၊ ဖြစ်နိုင်သမျှ လွှမ်းမိုးအနိုင်ယူချင်သူလို့ Shirley က ပြောခဲ့ပါတယ်။ သူမအနေနဲ့ ကြောင်ကုတ်ရာလေး ဒီလောက်နဲ့ လူတစ်ယောက်ကို နှစ်လလောက် ဆိုးဆိုးရွားရွား ခံစားရစေမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးကြောင်းဆိုပါတယ်။ သူမဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက ဆေးရုံတက်ခဲ့ရတာပါ။

လင်းသူရိန်

SHARE