နာတာရှည်ရောဂါကို မခံစားချင်တော့လို့ တရားဝင်သေဆုံးခွင့် တောင်းခံခဲ့တဲ့ အမျိုးသမီး

Facebook//AnaAstrada

ပီရုးနိုင်ငံက အမျိုးသမီးဟာ နာတာရှည်ရောဂါဒဏ်ကနေ ကျော်လွှားနိုင်ဖို့ မဖြစ်နိုင်တော့တာကြောင့် သက်ဆိုင်ရာ အစိုးရထံမှာ ဖေဖော်ဝါရီလ(၉)ရက်နေ့က တရားဝင်သေဆုံးခွင့် တောင်းဆိုလိုက်ပြီလို့ Reuters သတင်းဌာနက ဆိုပါတယ်။ အဆိုပါ အမျိုးသမီးဟာ ဆေးရုံခုတင်ထက်မှာ (၄)နှစ်ကြာ လဲလျောင်းနေရပြီး၊ အရေပေါ်စောင့်ကြည့်နေရသူ ဖြစ်ပါတယ်။

သူမရဲ့ နာတာရှည်ရောဂါဟာ အားအင်ကုန်ခမ်းတဲ့ အဖျားရောဂါဖြစ်ပြီး၊ ကုသလို့မရနိုင်ပါဘူးတဲ့။ ဒါကြောင့်မို့လည်း အခြေအနေ ဆိုးဆိုးရွားရွား ပိုဖြစ်မလာခင်မှာ သူမက “ သက်တောင့်သက်သာနဲ့ ဂုဏ်သိက္ခာရှိစွာ သေဆုံးလိုနေပါတယ်”။ သူမရဲ့နာမည်ကတော့ Ana Estrada ဖြစ်ပါတယ်။ အသက် (၄၃)နှစ် ဖြစ်ပါတယ်။

Ana ရဲ့ ရောဂါအခြေအနေက သူမရဲ့ ခန္ဓာကိုယ်ကြွက်သားတွေကို သိမ်သွားအောင်၊ ဒါမှမဟုတ် ကျုံသွားအောင် ဖန်တီးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် Ana အနေနဲ့ ရောဂါအခြေအနေကို အတော်လေး ငြီးငွေ့နေပြီဖြစ်လို့ ဒီထက်ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်မလာခင်မှာပဲ သူမရဲ့ဘဝကို အဆုံးသတ်လိုနေတာပါ။

ဒါပေမယ့် သေကြောင်းကြံစည်ဖို့ကိုလည်း Ana က စိတ်မဝင်စားပါဘူး။ အကြောင်းကတော့ သူမရဲ့ ခန္ဓာကိုယ်က ဒီအတိုင်းတောင် အားနည်းချိနဲ့နေတာမို့ ဖြစ်ပါတယ်။ သူမက တရားဝင် ဂုဏ်သိက္ခာရှိရှိ သေဆုံးလိုနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပီရူးဥပဒေအရ သူမကို သေအောင် တစ်ခြားနည်းလမ်းနဲ့ အကူအညီပေးတယ်ဆိုရင် ဒါဟာ ရာဇဝတ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

Facebook/AnaAstrada

ဒါတင်မကသေးဘဲ သေကြောင်းကြံစည်ရင်၊ သေကြောင်းကြံစည်မှုကို အားပေးရင်၊ တစ်နည်းနည်းနဲ့ ထောက်ခံသူတွေဟာ ရာဇဝတ်မှုထဲမှာ အကျုံးဝင်ပါတယ်။ အခုလို နာတာရှည်ဝေဒနာခံစားနေရသူကို သေကြောင်းကြံစည်စေပါက သို့မဟုတ် သတ်ပေးပါက “ လူသတ်မှုမှာ အလိုတူအလိုပါ”ဖြစ်တယ်လို့ ဖော်ပြထားတာပါ။

Ana ကတော့ လက်လျှော့မပေးဘဲ ပြည်နယ်တရားရုံးမှာ တရားဝင်သေခွင့်ရရေး ဥပဒေနဲ့အညီ ရင်ဆိုင်ဖို့ ခြေလှမ်းစလိုက်ပါပြီ။ ဒါကို သူမက “ ဂုဏ်သိက္ခာရှိစွာ သေဆုံးခြင်း”လို့ အမည်တပ်ပါတယ်။ ဒါကြောင့် တရားဝင် သေခွင့်ရရေးအတွက် ချိန်ချိန်ဆဆ စဉ်းစားပြီးမှ အခုလို ဆုံးဖြတ်လိုက်တာလို့ ပြောခဲ့ပါတယ်။

သူမက “ အထိအခိုက် မခံတဲ့ အနေအထားတွေတော့ ရှိတာပေါ့ … ဘာကြောင့်ဆို ကျွန်မအနေနဲ့ သေဖို့ တစ်စုံတစ်ယောက်ကို အကူအညီတောင်းလို့ မရဘူး … ဒီလိုပဲ ဆွေမျိုးတစ်ဦးဦးကို ရာဇဝတ်မှု ကျူးလွန်လို့ တောင်းဆိုခွင့်မရှိဘူး … ”လို့ ပြောပါတယ်။

ကက်သလစ်ဘာသာ ရာခိုင်နှုန်းတော်တော်များများ လွှမ်းခြုံထားတဲ့ ပီရူးမှာ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ လိင်တူလက်ထပ်ခွင့်စတာတွေဟာ တရားမဝင်အဖြစ် တည်ရှိနေပြီး၊ ဥပဒေအရ အရေးယူလို့ရတဲ့ ရာဇဝတ်မှုတွေလည်း ဖြစ်ပါတယ်။ Ana နဲ့ သူမရဲ့ ရှေ့နေကတော့ အခုဖြစ်စဉ်ဟာ ပီရူးမှာ ပထမဆုံး တရားဝင် သေဆုံးခွင့်ရလာမယ့် ဖြစ်စဉ်လို့ ယုံကြည်နေပါတယ်။

Ana ဟာ ငယ်စဉ်ကတည်းက ပိုလီယိုနဲ့ ခန္ဓာကိုယ်ရောင်ရမ်းခြင်းရောဂါကို ခံစားခဲ့ရပြီး၊ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ လူနာခုတင်ထက်မှာ အောက်ဆီဂျင်ကိရိယာနဲ့ အမြဲလိုလို ရုန်းကန်နေရပြီး၊ အသံကလည်း တိုးတိုးပဲ ထွက်နိုင်ရှာပါတယ်။ ပီရူးက ရှေ့နေတွေကတော့ သူမ တရားဝင်သေဆုံးခွင့်အတွက် အငြင်းအခုန် ဖြစ်နေဆဲပါ။

သူမရဲ့အမှုကို ပြီးခဲ့တဲ့အပတ်က တင်သွင်းခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက လက်ခံကြားနာသွားမယ်လို့ သိရပါတယ်။ Ana ကတော့ တရားဝင် သေခွင့်ရသွားရင် ဘယ်အချိန်မှာ မိမိဘဝကို အဆုံးသတ်မလဲဆိုတာတော့ မစဉ်းစားရသေးပါဘူးတဲ့။ ရောဂါဒဏ် ပိုပြီးဆိုးလာရင်တော့ အဲဒီနေ့ဟာ နောက်ဆုံးနေ့လည်း ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

လင်းဇော်ကို

SHARE