ငယ်ရွယ်နုပျိုမှုတွေကို အသုဘချလိုက်ပြီး အသက်(၃၀) ပြည့်မွေးနေ့ကျင်းပခြင်းမျိုးထက် ပိုမိုက်တာရှိပါဦးမလား။ Mila Blatova ဆိုတဲ့ အမျိုးသမီးကတော့ သူမ အသက် (၃၀)ပြည့်သွားခြင်းအထိမ်းအမှတ်နဲ့အတူ ငယ်ရွယ်မှုတွေအတွက် အနက်ရောင် အသုဘပွဲကျင်းပခဲ့ပါတယ်။ အနက်ရောင်အင်္ကျီ၊ အနက်ရောင်နှုတ်ခမ်းဆိုးဆေး၊ အနက်ရောင်စားပွဲ၊ အနက်ရောင်ဘောလုံးတွေနဲ့ ဆင်ယင်ထားပြီး ကျင်းပခဲ့တာပါ။

အသက် (၃၀)ဆိုတာ လုံးဝလူကြီးတစ်ယောက်ဖြစ်သွားတဲ့ အရွယ်အပိုင်းအခြားဖြစ်တဲ့အတွက် လူတိုင်း (၃၀)ပြည့်ရမှာ စိုးကြပြီး Mila လည်း သူမရဲ့ ငယ်ရွယ်ခဲ့တဲ့အချိန်တွေကို ကောင်းကောင်းကြီး တမ်းချင်းပြုခဲ့ပါတယ်။ သူမနဲ့ UNILAD တို့ အင်တာဗျူးမှာတော့ “အသက် (၂၀)ပိုင်းကို မစွန့်ခွာချင်ဘဲ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အသက်ကြီးပြီလို့ လက်ခံလိုက်ရတဲ့ အခိုက်အတန့်ကနေ အခုလိုအိုင်ဒီယာလေး ရလာတာပါ။ ကျွန်မဘဝရဲ့ အခန်းသစ်ကို ရယ်စရာကောင်းတဲ့နည်းလေးနဲ့ စတင်ခြင်းလည်းဖြစ်ပါတယ်” လို့ Mila က ပြောပြခဲ့ပါတယ်။

Mila ဟာ စွန့်စားမှုအသစ်တွေ၊ ခရီးသွားခြင်းတွေ၊ သားလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ဖို့နဲ့ ဘဝမှာ ကြုံလာမယ့်အရာမှန်သမျှကို မျှော်လင့်စောင့်စားနေကြောင်းလည်း ပြောခဲ့တဲ့အတွက် သူမရဲ့ ငယ်ရွယ်မှုတွေ အဆုံးသတ်သွားပေမယ့် အရာရာကို အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းနေတာကို နားလည်နိုင်ပါတယ်။ အသက် (၂၀)ပိုင်းအရွယ်နဲ့ပတ်သက်လို့ အလွမ်းဆုံးအရာကတော့ နုပျိုမှုကို ခံစားရခြင်းလို့ သူမကဆိုပါတယ်။

Mila ကို သူ့ညီမ Summer က အသက် (၃၀)ပြည့်မွေးနေ့အတွက် ဘာလုပ်ချင်လဲမေးခဲ့ရာ ‘ငယ်ရွယ်မှုတွေအတွက် အသုဘ’ လို့ ဖြေခဲ့ပြီး ညီမဖြစ်သူကလည်း လိုက်လျောကျင်းပပေးခဲ့ပါတယ်။ ဓာတ်ပုံတွေဟာဆိုရင်တော့ သူ့ညီမရိုက်ပေးထားတာပါ။ Mila ဟာ ငယ်ရွယ်မှုအသုဘမကျင်းပခင်မှာလည်း (၃၀)ပြည့်တကယ့်မွေးနေ့ကို ကျင်းပပြီးဖြစ်ပါတယ်။ Mila ကတော့ အသက်အရွယ်ကို ဂရုမစိုက်ဘဲ အကောင်းဆုံးကြိုးစားကာ ပျော်ပျော်နေပါဆိုပြီး အသက် (၃၀)ပြည့်ရမှာ ကြောက်သူအကုန်လုံးအတွက် စကားလက်ဆောင်ပါးသွားပါတယ်။
White (Shwemom)
Ref: UNILAD