Pokémon Go ဆော့ရင်း ထင်မှတ်မထားဘဲ ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ မိန်းမပျိုလေး

Twitter / TheSun

အမေရိကန်၊ နယူးမက္ကဆီကိုပြည်နယ်၊ Bianchetti ပန်းခြံအနီးမှာ အမျိုးသမီးငယ်တစ်ဦး အကြောင်းမဲ့ သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ Pokémon Go ဆော့နေတဲ့ အမျိုးသမီးဟာ ထင်မှတ်မထားပါဘဲ၊ ဓားပြတိုက်နေတဲ့အဖြစ်ကို မျက်မြင်သက်သေအဖြစ် ကြုံခဲ့ရတာပါ။ ဓားပြကလည်း သက်သေကို ဖြောင်တဲ့အနေနဲ့ သူမကို ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးကတော့ Cayla Campos လို့သိရပြီး အသက်(၂၁)နှစ်ပါ။ အခင်းဖြစ်ချိန်မှာ သူမဟာ ချစ်သူအမျိုးသား Sidney နဲ့အတူ ရှိနေပြီး၊ Pokémon Go ဆော့ကစားနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ ညပိုင်း Bianchetti ပန်းခြံအနီးကိုအရောက်မှာ ဓားပြက ပစ်သတ်တာကို ခံလိုက်ရတာ ဖြစ်ပါတယ်။

တကယ်လို့သာ Cayla ဟာ Pokémon Go ဆော့မနေဘူးဆိုရင် Bianchetti ပန်းခြံအနီးကို ရောက်လာဖို့မရှိပါဘူး။ သူမဟာ သေကံကလည်း ပါလာတဲ့အတွက် အခုလို ကြုံခဲ့ရတာဆိုရမှာပါ။ ဓားပြမှုမှာ သေနတ်သမားနှစ်ဦး ပါဝင်ခဲ့ပြီး၊ Cayla တို့စုံတွဲကလည်း ကြောက်လန့်ကာ ကားထဲကိုဝင်ပြီး မောင်းပြေးဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် သေနတ်ကျည်ဆံတွေ မိုးသီးမိုးပေါက်လို ကျလာပါတော့တယ်။

သေနတ်ကျည်ဆံတွေအနက် တစ်တောင့်က Cayla ရဲ့ဦးခေါင်းနောက်စေ့ကို ဖောက်ဝင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမဟာ ကားစက်ကိုနှိုးပြီး စတင်ထွက်ခွာနေချိန်မို့၊ ကျည်ဆံမှန်လိုက်တဲ့ဒဏ်ကြောင့် ကားကိုလည်း မထိန်းချုပ်နိုင်တော့ဘဲ လူမနေတဲ့အိမ်ကို ကားက ဝင်အောင်းပါတော့တယ်။

Cayla ကို University of New Mexico Hospital ဆေးရုံဆီ အမြန်ပို့ပေးခဲ့ပေမယ့် ဆေးရုံရောက်ပြီး မကြာမီမှာပဲ သေဆုံးသွားတာ ဖြစ်ပါတယ်။ Cayla သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေဟာ အလွန်စိတ်မကောင်း ဖြစ်နေကြပါတယ်။

လူသတ်တရားခံ ဓားပြတွေကို သက်ဆိုင်ရာက ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က တရားခံအမြန်ဆုံး ဖမ်းဆီးနိုင်ရေးအတွက် အများပြည်သူကိုလည်း အကူအညီတောင်းထားပြီး၊ မသင်္ကာဖွယ်တွေ့ရှိပါက အမြန်ဆုံးဆက်သွယ်ကြဖို့ နှိုးဆော်ထားပါတယ်။

လင်းသုတ

SHARE