ကင်ဆာဆေး ကုချင်လို့ပါဆိုပြီး အွန်လိုင်းမှာ အလှူငွေတွေ လိမ်ကောက်နေတဲ့ အမျိုးသမီး

သြစတေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်မှာ လူစီဝီးလန်းဒ်ဆိုသူ အမျိုးသမီးတစ်ဦးက သူမဟာ သားအိမ်ကင်ဆာဖြစ်နေပြီး ဆေးကုသစရိတ် လိုနေပါတယ်လို့ အွန်လိုင်းပေါ်မှာ လူတွေကို သွေးဆောင်ဖြားယောင်းပြီး အလှူငွေတွေ ကောက်ခံနေတာကြောင့် အဖမ်းဆီးခံခဲ့ရပါတယ်။ သူမဟာ GoFundMe အမည်ရှိ အွန်လိုင်းစာမျက်နှာပေါ်မှာ လိမ်ညာပြီး အလှူငွေတွေကောက်နေခဲ့တာ စုစုပေါင်း ဒေါ်လာ (၅) သောင်းခွဲ နီးနီးအထိ ရရှိပြီးပါပြီ။

GOFUNDME

အစိုးရရှေ့နေတစ်ဦးဖြစ်တဲ့ ရေချယ်တို့ဒ်ကတော့ လူစီဟာ လိမ်လည်မှု အကြီးစားကြီး တစ်ခုကို ပိပိရိရိ လုပ်နိုင်ဖို့ သေချာကြိုးပမ်း ထားခဲ့တယ်လို့ ဆိုပါတယ်။ “အလှူရှင်တွေက လူစီရဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြဿနာလေးတွေ ရှိနေတယ်လို့ ပြောတာကြောင့် ရှာဖွေစုံစမ်းရင်းကနေ အခုလို မသမာမှုကို ဖော်ထုတ်နိုင်ခဲ့တာပါ။” လို့ စုံထောက်တစ်ဦးကတော့ ဆိုသွားပါတယ်။ သူမရဲ့ လှုပ်ရှားသွားလာမှု အခြေအနေအရပ်ရပ်ကို လပေါင်းများစွာ စုံစမ်းပြီးနောက်မှ လူစီကို အခုလို တရားဝင်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

READ
အစာကျွေးတဲ့ တိရစ္ဆာန်ရုံဝန်ထမ်းအမျိုးသမီးကို တိုက်ခိုက်ခဲ့တဲ့ကျား
GOFUNDME

“တော်တော်လေး စိတ်ညစ်ညူးစရာပါ။ စေတနာကို အလွဲသုံးစားလုပ်တဲ့ သဘောပေါ့လေ။ တချို့ သဒ္ဓါကောင်းသူတွေက ကိုယ့်မှာရှိတဲ့ ပိုက်ဆံလေး နည်းနည်းကိုတောင် သူများကူညီချင်တာနဲ့ပဲ ခွဲဝေပြီး လှူတတ်ကြပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက အလှူခံပုဂ္ဂိုလ်ဟာ တကယ်ရော ရိုးသားရဲ့လားဆိုတာ သေချာသုံးသပ်ကြဖို့ ဖြစ်ပါတယ်။”လို့ ထိုသူကပဲ ဆိုခဲ့ပါတယ်။

GOFUNDME

အသက်(၂၇) နှစ်အရွယ် တရားခံလူစီကို အရင်တုန်းက ရာဇ၀တ်မှုကျူးလွန်တာ မရှိခဲ့တဲ့အတွက် တရားရုံးကတော့ အာမခံခွင့်ပြုခဲ့ပေမယ့် သူမရဲ့ နိုင်ငံကူးလက်မှတ်ကိုတော့ ရဲစခန်းက သိမ်းဆည်းထားပါတယ်။ အွန်လိုင်းအလှူခံရာ နေရာဖြစ်တဲ့ GoFundMe ကတော့ လူစီကို GoFundMe အွန်လိုင်းစာမျက်နှာအသုံးပြုခွင့် ပိတ်ပင်ထားပြီး အလှူငွေထည့်ထားကြတဲ့ ပုဂ္ဂိုလ်တွေကိုတော့ အသီးသီး ငွေပြန်အမ်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: newsweek, brisbanetimes

SHARE