ပျောက်ဆုံးသွားတဲ့ ခွေးလေးရဲ့ပုံ ဘီယာဘူးမှာ ပါလာပြီးနောက်၊ သခင်မနဲ့ ပြန်ဆုံနိုင်ခဲ့တဲ့အဖြစ်

YouTube/CBSMiami

အမျိုးသမီးတစ်ယောက်ဟာ သူမပိုင် ခွေးလေးရဲ့ပုံကို ဘီယာဘူးပေါ်မှာ ပြန်တွေ့ခဲ့ရပြီးနောက်၊ ခွေးလေးနဲ့ ပြန်ဆုံနိုင်ဖို့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ ခွေးမလေးဟာ ပျောက်ဆုံးသွားပြီး နှစ်အတော်အကြာမှာပဲ ဘီယာဘူးခွံပေါ်မှာ ပုံနှိပ်ဖော်ပြခံရတဲ့ ဆယ်လီမလေး ဖြစ်သွားခဲ့ပါတယ်။ ဒီပုံကို သခင်မဖြစ်သူက ပြန်တွေ့ခဲ့တာပါ။

သခင်မရဲ့နာမည်ကတော့ Monica Mathis ဖြစ်ပြီး၊ ခွေးမလေးရဲ့အမည်ကတော့ Hazel ဖြစ်ပါတယ်။ Monica ဟာ အသက်(၃၃)နှစ်ဖြစ်ပြီး၊ Hazel ကို ပျောက်ဆုံးခဲ့တာ (၃)နှစ်ကျော်  ကြာခဲ့ပါတယ်။ ဆိုရရင် Hazel ခွေးပေါက်လေးဘဝကတည်းက ပျောက်သွားခဲ့တာပါ။

Heard the buzz?? Our Adoptable Dog Cruiser 4-packs are taking the media by storm! National and international news…

Posted by Motorworks Brewing on Tuesday, January 28, 2020

မကြာသေးမီက ဘီယာတံဆိပ်တစ်ခုပေါ်မှာ ခွေးမလေးပုံကို ပြန်တွေ့ခဲ့ပြီး၊ Monica ပျောက်ဆုံးခဲ့တဲ့ ခွေးလေးနဲ့ ချွတ်စွပ်တူနေပါတယ်။ အဲဒီဓာတ်ပုံကိုတော့ ဖလော်ရီဒါပြည်နယ်၊ Bradenton မြို့အခြေစိုက် Motorworks Brewing အမည်ရ ဘီယာကုမ္ပဏီက ဘီယာအမျိုးအမည်အသစ်အတွက် ကြော်ငြာရာမှာ သုံးခဲ့တာပါ။

အဲဒီကြော်ငြာဟာ လူမှုကွန်ရက်မှာ အမြောက်အများ ပြန်လည် မျှဝေခံခဲ့ရပြီး၊ အဆိုပါကုမ္ပဏီက တိရစ္ဆာန်စောင့်ရှောက်ရေးစင်တာတစ်ခု တည်ဆောက်ပေးဖို့ကိုလည်း ကတိပြုခဲ့ပါတယ်။ ဒီဓာတ်ပုံကို မြင်ပြီးနောက် Monica က “ ကျွန်မ ခွေးလေးနဲ့ တူလိုက်တာလို့ တွေးလိုက်တယ် … စိတ်ထဲမှာလည်း ဒါ ငါ့ရဲ့ခွေးလေး ဖြစ်လိမ့်မယ်ပေါ့ … ”လို့ ပြောပါတယ်။

Minnesota မှာ နေထိုင်တဲ့ Monica ဟာ Manatee County Animal Shelter ထံကို ဆက်သွယ်ခဲ့ပြီး၊ ဒီခွေးလေးရဲ့ သမိုင်းကြောင်းကို စုံစမ်းခဲ့ပါတယ်။ ခွေးမလေးဟာ အဲဒီအချိန်မှာတော့ Day Day ဆိုတဲ့ အမည်သစ်နဲ့ ပတ်ဝန်းကျင်အသစ်မှာ ကျင်လည်နေပါပြီ။ နောက်ဆုံးတော့ Manatee County Animal Shelter တာဝန်ရှိသူတွေက Day Day ဟာ ပျောက်ဆုံးသွားတဲ့ Hazel ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

Hazel အနေနဲ့ ဘယ်လိုကဘယ်လို Iowa ကနေ ဖလော်ရီဒါကို ရောက်သွားတယ်ဆိုတာ စဉ်စားလို့မရဘူးလို့ Monica က ပြောပါတယ်။ နောက်ဆုံးတော့ သခင်မ Monica နဲ့ ခွေးမလေး Hazel တို့ Manatee County Animal Shelter ရဲ့ အကူအညီပေးမှုကြောင့် ပြီးခဲ့တဲ့ သောကြာနေ့က ပြန်ဆုံနိုင်ခဲ့ကြပါတယ်။ ခွေးမလေးနဲ့အတူ သူမရဲ့ပုံပါတဲ့ ဘီယာဘူးတွေလည်း လက်ဆောင် ရရှိခဲ့ပါတယ်တဲ့။

လင်းသူရိန်

SHARE